News

POST TYPE

MANDALAY

ဖရဲ၊ သခွားမွှေး ရောင်းချမည့်ကားများကို ကွင်းကြေးနှုန်းထားသစ် ၃၀ ရာခိုင်နှုန်းတိုးမြှင့်
25-Dec-2019
မန္တလေး၊ ဒီဇင်ဘာ ၂၅

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် ၂၀၁၉-၂၀၂၀ သစ်သီးရာသီအတွင်း ဖရဲ၊ သခွားမွှေးရောင်းချမည့် ကားများအတွက် ကွင်းကြေးနှုန်းထားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ ၃၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

တိုးမြှင့်ကောက်ခံမည့်ကွင်းကြေးနှုန်းထားအသစ်သည် ယခင်ကွင်းကြေးနှုန်းထားအဟောင်း၏ ၃၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံခြင်းဖြစ်ပြီး ယာဉ်အမျိုးအစားများဖြစ်သည့် PE ၁ စီးလျှင် ကွင်းကြေး ၂၀၀ ယွမ်၊ CD ၁ စီးလျှင် ၁၃၀ ယွမ်၊ DN ၁ စီးလျှင် ၈၀ ယွမ်နှင့် LT/HL စီးလျှင် ၄၀ ယွမ်ဖြစ်သည်။

ယခင်က PE ၁ စီးလျှင် ကွင်းကြေး ၁၅၀ ယွမ်၊ CD ၁ စီးလျှင် ၁၀၀ ယွမ်၊ DN ၁ စီးလျှင် ၆၀ ယွမ်နှင့် LT/HL ၁ စီးလျှင် ၃၀ ယွမ်ကောက်ခံနေခြင်းဖြစ်သည်။

“ကွင်းကြေးကောက်တယ်ဆိုတာက အရှေ့မြောက်တံခါးကုမ္ပဏီက အရောင်းအဝယ်ကွင်းကိုထောင်ထားတယ်။ အစက ကားအကြီးတွေက ၁၀၀။ ၁၀၀ ပြီးတော့ ၁၅၀။ အခု ၂၀၀ ပေါ့။ ဝန်ဆောင်ခကောက်တဲ့သဘောပေါ့” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖရဲဂျပ်ဖာ ၁၃၈ ဖာနှင့် သခွား ၇၃ စီးဝင်ရောက်ပြီး ၈၅၅ ရောင်းတန်းဝင် ၁၅ တန်စီးပြတ်ဈေးမှာ တရုတ်ငွေယွမ် ၃၄,ဝ၀၀ မှ ၄၅,ဝ၀၀၊ အစေ့မဲ့တစ်တန်လျှင် ယွမ် ၃,၄၀၀ မှ ၃,၈၀၀၊ ထဲန်ဝမ်တစ်တန်လျှင် ၃,၅၀၀ မှ ၃,၈၀၀ နှင့် ရွှေဝါသခွားတစ်ကီလိုလျှင် ၂ ဒသမ ၅ ယွမ်မှ ၄ ဒသမ ၃ ယွမ်အထိ ပေါက်ဈေးရှိသည်။