News

POST TYPE

MANDALAY

အင်းဝနယ်မြေကို ဗိသုကာဥယျာဉ်ရပ်ဝန်းအဖြစ် ဆောင်ရွက်
24-Dec-2019


မန္တလေး၊ ဒီဇင်ဘာ ၂၃

မန္တလေးမြို့အနီး အင်းဝရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ဗိသုကာဥယျာဉ် ရပ်ဝန်း  (Architectural Park) အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။

“ဒီဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသဆိုင်ရာ ဒေသခံများအားလုံးက ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်။ မြို့တိုင်း၊ ရွာတိုင်း၊ နယ်တိုင်းမှာ သူ့ဖြစ်ရပ်နဲ့သူ၊ သူ့သမိုင်းနဲ့သူ တည်ရှိခဲ့ကြသော်လည်း မှတ်တမ်းမပြုနိုင်သေးတဲ့အတွက် ပျောက်ကွယ်မေ့ဖျောက်ထားတဲ့အဖြစ် ရောက်ရှိတာမျိုးကြောင့် နောင်အနာဂတ်မှတ်တမ်းများ ကျန်ရှိနေသေးတာကို အထူးဂရုပြုဆောင်ရွက်သွားကြဖို့ လိုပါတယ်” ဟု ၎င်းကဆိုသည်။

သတိုးမင်းဖျားသည် အင်းဝနန်းတော်ကို ခက်ခက်ခဲခဲဖြင့် တည်ဆောက်ခဲ့ရခြင်းဖြစ်ကြောင်း မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင်က ပြောကြားသည်။

အင်းဝ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ၂၀၀၈ ခုနှစ်မှစ၍ ယဉ်ကျေးမှုအမွေ အနှစ်ဒေသအဖြစ်သတ်မှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ ယင်းဒေသတွင် အင်းဝနန်းတော်ဟောင်း၊ မယ်နုအုတ်ကျောင်း၊ ဆင်ကျူးခံတပ်တို့မှာထင်ရှားပြီး ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လေ့လာလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (အင်းဝဌာနခွဲ) ထံမှ သိရသည်။

ပထမအင်းဝမြို့တော်ကို တကောင်းမင်းဆက်မှ သတိုးမင်းဖျားက မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ အေဒီ ၁၃၆၄ တွင်တည်ထောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

သတိုးမင်းဖျားကြေးရုပ်တုကို ဒီဇင်ဘာလ ၂၀ ရက်နေ့က အင်းဝနန်းတော်ထိပ်ဦးတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

M-01