News

POST TYPE

MANDALAY

ရတနာပုံတက္ကသိုလ်ကျောင်းသားအား လုယက်သတ်ဖြတ်​ခဲ့သူကို အလုပ်​နှင့်ထောင်​ဒဏ်​ နှစ်​သုံးဆယ် ​ချမှတ်​
23-Dec-2019


မန္တလေး၊ ​​ဒီဇင်​ဘာ ၂၃

ရတနာပုံတက္ကသိုလ်​ ကုန်​ထုတ်​ဓာတု​ဗေဒ​မေဂျာမှ ​ကျောင်းသား ကိုစိုးမိုးဟိန်းကိုသတ်​ခဲ့သည့်အမှုမှ ဖမ်းဆီးရမိထားသူကို စွဲဆိုထားသော လူသတ်​မှု၊ လုယက်​မှုကို ဒီဇင်​ဘာလ ၂၃ ရက်​​နေ့က အပြီးသတ်​အမိန့်ချမှတ်​ခဲ့ရာ လူသတ်​မှုအတွက်​ အလုပ်နှင့်ထောင်​ဒဏ်​ နှစ်​နှစ်​ဆယ်​၊ လုယက်​မှုအတွက်​ အလုပ်​နှင့်ထောင်​ဒဏ်​ ၁၀ နှစ်​ကို သီးသန့်စီကျခံရန်​ မန္တလေးခရိုင်တရားရုံးက ချမှတ်​လိုက်​သည်​။

ရတနာပုံတက္ကသိုလ်​ ကုန်ထုတ်ဓာတုဗေဒမေဂျာတွင်​ ​ကျောင်းတက်​​နေသည့် အသက် ၂၂ နှစ်အရွယ်ရှိ ကိုစိုးမိုးဟိန်းသည် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်းနှင့်အတူ ၂၀၁၈ ခုနှစ်​ ဒီဇင်​ဘာလ ၂၅ ရက်​​နေ့က တက္ကသိုလ်​အနီး ​တောင်​သမန်အင်း ကန်​ပတ်​လမ်းဘေးတစ်​​နေရာတွင်​အတူထိုင်နေစဉ် အမည်မသိလူ ၄ ဦးက ဆိုင်ကယ်၂ စီးဖြင့်ရောက်ရှိလာပြီး ပိုက်ဆံအိတ်လုယူသည့်အပြင် ၎င်းတို့အထဲမှ အမျိုးသားတစ်ဦးက ကိုစိုးမိုးဟိန်းအား ဓားဖြင့်ဘယ်ဘက်ရင်ညွန့်ကို ထိုးခဲ့သည့်အတွက် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဓားဖြင့်အထိုးခံရသည့် ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး မခိုင်ဇင်ဝေနှင်းက ပတ်ဝန်းကျင်အား အော်ဟစ်အကူတောင်းစဉ် ၎င်းတို့ထဲမှပါလာသူသူတစ်ဦးက သူမပါးစပ်အားပိတ်သဖြင့်ရုန်းကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမန်အင်းအတွင်း ပြုတ်ကျခဲ့ရာမှ အသတ်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမပူရမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄/၁၁၄ ဖြင့် အမှုဖွင့်ထားကာ တရားခံများကို စုံစမ်းခဲ့ရာ ​နေထက်​ရှိုင်းဆိုသူ အမျိုးသားတစ်​ဦးကို ဖမ်းဆီးရမိခဲ့ပြီး မန္တ​လေး ခရိုင်​တရားရုံးတွင်​ လူသတ်မှုဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်​သည်​။

မန္တ​လေးခရိုင်​တရားရုံးက တရားလိုတင်​ပြသည့် သက်​​သေများကိုစစ်​​ဆေးပြီးချိန်​တွင်​ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂-၁(ဂ)/၃၉၄ ဖြင့်စွဲချက်​တင်​ခဲ့ပြီး ဆက်​လက်​စစ်​​ဆေးခဲ့ရာမှ တစ်​နှစ်​နီးပါးအကြာ အမိန့်ချမှတ်​ရာတွင်​ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂-၂ ဖြင့် အလုပ်​နှင့်ထောင်​ဒဏ်​ နှစ်​နှစ်​ဆယ်​၊ ပုဒ်​မ ၃၉၄ အရ ၁၀ နှစ်​ကို သီးခြားကျခံရန်​အမိန့်ချမှတ်​ရာ စုစု​ပေါင်း ထောင်ဒဏ်​နှစ်​သုံးဆယ်​ ကျခံရမည်​ဖြစ်​သည်​။

အမှုမှ ဖမ်းဆီးခံရသူ ​နေထက်​ရှိုင်းသည်​ ယခုလူသတ်​မှုအပြင်​ ယခင်​ကကျူးလွန်ခဲ့သည့်အမှုများကို ရဲတပ်​ဖွဲ့က ​ဖော်​ထုတ်​စွပ်စွဲထားပြီး မြို့နယ်​ ပြည်​ကြီးတံခွန်​၊ အမရပူရနှင့် ချမ်းမြသာစည်​မြို့နယ်​တရားရုံးတို့တွင်​လည်း အမှု ၁၄ ခုခန့်ကို ရင်ဆိုင်နေရ​ကြောင်း ရဲတပ်​ဖွဲ့ထံမှ သိရသည်​။

M-04