News

POST TYPE

MANDALAY

ပုဂံဘုရားသုံးဆူဝန်းကျင်တွင် စမ်းသပ်တူးဖော်ရာမှ ရှေးဟောင်းဘုရားတစ်ဆူ တွေ့ရှိ
12-Oct-2019
မန္တလေး၊ အောက်တိုဘာ ၁၂

ကိုရီးယားနိုင်ငံမှ ပညာရှင်များက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားသုံးဆူဘုရား၏ ဧရိယာပတ်ဝန်းကျင်တွင် စမ်းသပ်တူးဖော်မှုလုပ်ငန်းများ လုပ်ဆောင်နေရာမှ ထုံးကျောက်ဖြင့်ပြုလုပ်ထားသည့် ရှေးဟောင်းဘုရား ဆင်းတုတော်အောက်ခြေပိုင်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ကိုရီးယားသမ္မတနိုင်ငံ Korea Cultural Heritage Foundation က ပြုလုပ်ခြင်းဖြစ်ပြီး ဘုရားသုံးဆူတည်ဆောက်ခဲ့စဉ်က မူလအဆောက်အအုံ (အောက်ခြေပန္နက်နှင့် တံတိုင်း) တို့၏ တည်ရှိနေမှုတို့ကို သိရှိနိုင်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဘုရားသုံးဆူ၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် စမ်းသပ်တူးဖော်သုတေသနပြုရာနေရာမှ အရှေ့ဘက်တွင် တွေရှိခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

“အနက် ၂ ပေကျော်လောက်တူရင်းနဲ့ တွေ့တာပါ။ ဘုရားကတော့ ၁၃ ရာစုက ဘုရားလို့ခန့်မှန်းပါတယ်။ ဘုရားသုံးဆူကို ပြုပြင်တယ်။ နံရံဆေးရေးပန်းချီတွေကို ထိန်းသိမ်းရင်းနဲ့ ဒါနဲ့ဆက်စပ်တဲ့ အထောက်အထားတွေကို ရှာတာပေါ့။ ဒီဘုရားသုံးဆူက ဘာနဲ့ဆက်စပ်လဲ။ အနီးအနားမှာလည်း ဆက်စပ်နိုင်တဲ့ ဘုရားတွေ၊ အဆောက်အအုံတွေတွေ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ဆင်းတုတော်တွေ့ရှိသည့်နေရာကို Korea Cultural Heritage Foundation (KCHF) က စက်တင်ဘာလ ၁၆ ရက်နေ့မှစတင် သုတေသနပြုလုပ်နေခြင်းဖြစ်ကာ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုံးကျောက်ဖြင့်ပြုလုပ်ထားသော ကြာပွင့်ပလ္လင်ခံ ဦးခေါင်းတော်ပိုင်းမပါ ဗုဒ္ဓဆင်းတုတော် အောက်ခြေပိုင်း (အမြင့် ၈ စင်တီမီတာ၊ အကျယ် ၈ ဒသမ ၅ စင်တီမီတာ) ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ကိုရီးယာနိုင်ငံက ဘုရားအမှတ် (၄၇၇၊ ၄၇၈၊ ၄၇၉) နံရံပန်းချီထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။

နံရံပန်းချီထိန်းသိမ်းခြင်းလုပ်ငန်းများ မလုပ်ဆောင်မီ အကြိုလုပ်ငန်းများအဖြစ် ဘုရားသုံးဆူပတ်ဝန်းကျင်ဧရိယာတွင် စမ်းသပ်တူးဖော် သုတေသနပြုခြင်းလုပ်ငန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူများအား ယဉ်ကျေးအမွေအနှစ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများအား အသိပညာပေးခြင်းလုပ်ငန်းများနှင့် နံရံပန်းချီထိန်းသိမ်းခြင်းလုပ်ငန်းများကို စက်တင်ဘာ တတိယပတ်မှ နိုဝင်ဘာ တတိယပတ်အထိ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

မြတ်မင်း