News

POST TYPE

MANDALAY

၄၂ ကြိမ်မြောက် ကျောက်ဆည် ဆင်အလှအကပြိုင်ပွဲ ကျင်းပ
12-Oct-2019


မန္တလေး၊ အောက်တိုဘာ ၁၂

၄၂ ကြိမ်မြောက် ကျောက်ဆည်မြို့ ဆင်အလှ၊ ဆင်အက ပြိုင်ပွဲကို ယနေ့ (သီတင်းကျွတ်လဆန်း ၁၄ ရက်) ရွှေသာလျောင်းတောင်ခြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆင်ပြိုင်ပွဲတွင် ကလေးဆင်၊ သဘာဝဆင်၊ ဘော်ကြယ်ဆင်နှင့် ရိုးရာဆင်ဟူ၍ အမျိုးအစားများခွဲခြားထားပြီး ဆင်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲမတိုင်မီ ရက်ပေါင်းများစွာကတည်းကပင် ကြိုတင်ပြင်ဆင်ကြရပြီး ပြိုင်ပွဲတွင်လည်း ဒိုင်သုံးဒိုင်ရှေ့တွင် ကပြ အကဲဖြတ်ခံပြီးမှသာ ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

"ကုန်ကျစရိတ်က များတယ်။ ဝင်ပြိုင်ပြီးတော့ ဆုရရင်တောင်မှ ရတဲ့ဆုကြေးနဲ့ ကုန်ကျစရိတ်က ဘယ်လိုမှ ကာမိစရာမရှိဘူး။ ပြိုင်ပွဲဝင်တယ်၊ ဆုရတယ်ဆိုတဲ့ဂုဏ်ကို လိုချင်လို့သာ ပြိုင်နေကြရတာ"ဟု ရွှေဇင်မောင်ဆင်အဖွဲ့မှ ဦးစိုးရွှေက ပြောကြားသည်။

ယခုနှစ်တွင် ကလေးဆင် သုံးစီး၊ ဘော်ကြယ်ဆင် နှစ်စီး၊ သဘာဝဆင် နှစ်စီးနှင့် ရိုးရာဆင် ကိုးစီး စုစုပေါင်း ၁၆ စီး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၂၀၁၈ ခုနှစ်တွင် ဆင် ၂၀ စီး၊ ၂၀၁၇ ခုနှစ်တွင် ၂၃ စီး တို့ အသီသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ဆင်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဆင်စီးရေမှာ တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာနေကြောင်း ပွဲကျင်းပရေးကော်မတီ၏ စာရင်းများအရ သိရသည်။

ဆင်ပြိုင်ပွဲဝင် တစ်ဖွဲ့လျှင် အနည်းဆုံးကုန်ကျစရိတ် ကျပ်သိန်း ၂၀ မှ ၁၀၀ ကြားရှိသော်လည်း ဆုကြေးငွေများမှာ နည်းပါးနေဆဲဖြစ်သည်။

ပွဲကျင်းပရေးကော်မတီ ယခုနှစ်တွင် ဆုကြေးငွေများကို ဘော်ကြယ်ဆင် ပထမဆု ၁၂ သိန်း၊ ဒုတိယဆု ၉ သိန်း၊ ရိုးရာဆင်တွင် ပထမဆု ၁၄ သိန်း၊ ဒုတိယဆု ၁၁ သိန်း၊ တတိယဆု ၇ သိန်းခွဲ နှင့် ကလေးဆင်တွင် ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၃ သိန်းနှင့် သဘာဝဆင်တွင် ပထမဆု ၇ သိန်း၊ ဒုတိယဆု ၃ သိန်း ချီးမြင့်မည်ဖြစ်ကာ ဆုရရှိသည့် အဖွဲ့အားလုံးကို ကျပ်ဆယ်သိန်းကျော်တန်ဆိုင်ကယ်များ ထပ်မံချီးမြင့်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

M-04

ဓါတ်ပုံ ရန်မိုးနိုင်