News

POST TYPE

MANDALAY

မန္တလေးစည်ပင်သို့ တိုက်ရိုက်အကြံပြုနိုင်ရန် Facebook Group ဖွင့်လှစ်
10-Oct-2019
မန္တလေး၊ အောက်တိုဘာ ၉

မန္တလေးမြို့နေပြည်သူများ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံသို့ တိုက်ရိုက်အကြံပြုတိုင်ကြားနိုင်ရန် မန္တလေးမြို့တော်စည်ပင်သို့ အကြံပြုချက်များ Facebook Group ကို စတင်ဖွင့် လှစ်လိုက်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

မန္တလေးမြို့တော်အတွင်း ဖြစ်ပျက်နေသည်များ၊ စည်ပင်သာယာနှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို တိုက်ရိုက်ဆက်သွယ် တင်ပြနိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“စည်ပင်တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေက ပြည်သူတွေရဲ့အကြံပြုချက်တွေကို မြန်မြန်ဆန်ဆန်ဆောင်ရွက် နိုင်အောင်ပါ။ ပေါက်တတ်ကရ ရေးတာမျိုးဆိုရင်တော့ တင်ပေးမှာမဟုတ်ဘူးပေါ့။ လိုအပ်ချက်ရှိတာမျိုးဆိုရင်တော့ စည်ပင်ကိုဝေဖန်တာပင်ဖြစ်စေ ကျွန်တော်တို့တင်မှာပါ”ဟု ၎င်းက ရှင်းပြသည်။

မူလက မန္တလေးမြို့နေပြည်သူများက အကြံပြုချက်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးဝန်ကြီး၏ Facebook Post ၏ Comment တွင် ဝင်ရောက်ရေးသားကြကြောင်း၊ မြို့တော်ဝန်အနေနှင့် အလုပ်များပြားသဖြင့် အိမ်ရောက်မှဖတ်ခြင်း၊ အကြောင်းပြန်နိုင်ခြင်းများ ပြုလုပ်ရသဖြင့် အချိန်ကြန့်ကြာမှုများဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

Group တွင် မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ ပါဝင်မည်ဖြစ်ကာ အကြံပြုလိုသူများအနေနှင့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်အကြံပြုနိုင်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“အခုလိုလုပ်တဲ့အစီအစဉ်က သိပ်ကောင်းတယ်။ မြန်မြန်ဆန်ဆန်နဲ့ တိုက်ရိုက်ပြောလို့ရသွားတယ်။ အချိန်ကုန်လည်း သက်သာသွားမယ်”ဟု ချမ်းအေးသာစံမြို့နယ်၊ ကျန်းမာရေးရပ်ကွက်မှ ဒေါ်နွယ်က ပြောဆိုသည်။ 

မန္တလေးမြို့တော်စည်ပင်သို့ အကြံပြုချက်များ Facebook Group ကို အောက်တိုဘာ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းအထိ Group နှင့် ဆက်သွယ်ထားသူပေါင်း ၇၅၀၀ ကျော် ရှိနေပြီဖြစ်သည်။  

မြတ်မင်း


  • VIA