News

POST TYPE

MANDALAY

သီတင်းကျွတ်ကာလ ကားလက်မှတ်ဈေးတင်မရောင်းရန် သတိပေး
10-Oct-2019
မန္တလေး၊ အောက်တိုဘာ ၉

သီတင်းကျွတ်ကာလ ရုံးများပိတ်၍ နေရပ်ပြန်သူများ၊ လည်ပတ်မည့် ခရီးသွားများအတွက် ကားလက်မှတ်အခက် အခဲမဖြစ်စေရေးနှင့် ကားလက်မှတ်များကို ဈေးတင်ရောင်းချခြင်းမပြုစေရေး မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက သတိပေးကြေညာသည်။

“ဒီရုံးပိတ်ရက်တွေမှာ နေရပ်ပြန်ကြမယ့်သူတွေ၊ လည်ပတ်ကြမယ့်သူတွေကို လက်မှတ်ဈေးတွေတင်ရောင်းတာ မလုပ်ကြဖို့ ထုတ်ပြန်ထားတယ်။ လက်မှတ်ဝယ်ယူတာ အခက်အခဲမဖြစ်ဖို့၊ ထိုင်ခုံတွေချန်ပေးထားကြဖို့ ကားဂိတ်တွေကို ညွှန်ကြားထားတာပါ”ဟု အဆိုပါကော် မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

ခုံနေရာအရေအတွက် အတိအကျ ချန်ထားရန် ညွှန်ကြားထားခြင်းမရှိသော်လည်း လက်မှတ်ဈေးတင်ရောင်းခြင်းများကို စစ်ဆေးတွေ့ရှိပါက ငါးသောင်းကျပ်မှ တစ်သိန်းကျပ်အထိ ဒဏ်ငွေရိုက်အရေးယူသွားမည်ဖြစ်သည်။

ခရီးသွားပြည်သူများအနေနှင့်လည်း ယင်းကာလအတွင်း ကားလက်မှတ်မရခဲ့ပါက ကားကြီးဝင်းရှိ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ-အဝေးပြေးသို့ချိတ်ဆက်ပြီး မှတ်ပုံတင်ပြ၍ လက်မှတ်ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် အဝေးပြေးယာဉ် ရပ်နားစခန်း ၅ ခုရှိပြီး အဝေးပြေးယာဉ်လိုင်း ပေါင်း ၅၀၀ ကျော်ရှိကြောင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး) ၏ စာရင်းများအရ သိရသည်။ 

M-04


  • VIA