News

POST TYPE

MANDALAY

AA အဖွဲ့ဝင်များအဖြစ် စွပ်စွဲခံထားရသူများကို တရားစွဲတင်
08-Oct-2019

မန္တလေး၊ အောက်တိုဘာ ၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း နေထိုင်ကြသည့် AA လက်နက်ကိုင်အဖွဲ့ဝင်များအဖြစ် စွပ်စွဲခံထားရပြီး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားသူများကို မန္တလေးခရိုင်တရားရုံးတွင် အောက်တိုဘာလ ၈ ရက်နေ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် စတင်တရားစွဲဆိုလိုက်သည်။

“ဒီအမှုမှာ စွပ်စွဲထားသူတွေကို ၂၀၁၄ ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) ရယ်၊ ၅၂(က) ရယ်နဲ့ စွဲတင်ပါတယ်။ ဒီနေ့မှာ ဖမ်းဆီးရမိထားသူ ၆ ဦးကို တရားစွဲတင်ပြီးတော့ နောက်ထပ်သုံးဦးကတော့ ဖမ်းဆီးရမိခြင်း မရှိသေးတဲ့အတွက် တရားခံပြေးအဖြစ် ရာဇဝတ်အထွေထွေမှုဆောင်ရွက်ပါတယ်” ဟု မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က ပြောကြားသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၅ ရပ်ကွက်၊ လမ်း ၇၀၊ ဒသနလမ်း၊ အမှတ်(က-၅/၇၇) နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဦးအောင်လင်းထက်၊ ဦးမြတ်ခိုင်၊ ဦးချမ်းငြိမ်း၊ ဦးဖိုးကျော်၊ ဦးဝင်းသိန်းနှင့် ဦးကျော်ကျော်ဖြိုးတို့ကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ တွေ့ရှိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုနေအိမ်တွင် THLIRAYA XT-ITTE. Satellite Phone (အသစ်) လုံးရေ ၄၀၊ မှန်ပြောင်း (BAIGISH) Made in RUSSIA ၃၀ ခု၊ GARMIN (GPS+GLONASS) ၂၅ လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ် ၂၈ ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ ၃ ထုပ်၊ ယမ်းဖြူဟု ယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို ၁ ထုပ်တို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှတ် ၁၁ နယ်မြေရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုရာ မန္တလေးခရိုင်တရားရုံးတွင် ရာဇဝတ်ကြီးအမှုအမှတ် ၂၈၉/၂၀၁၉ ဖြင့် လက်ခံစွဲဆိုလိုက်ပြီး ဖမ်းဆီးနိုင်ခြင်းမရှိသေးသူများကို ဖမ်းဆီးရန်အတွက် ရာဇဝတ်အထွေထွေအမှုအမှတ် ၇၄/၂၀၁၉ ဖြင့် ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခြင်းမရှိသေးသူများမှာ ဦးဖြိုးဝေ၊ ဦးမောင်မောင်စိုးနှင့် မခင်ဦးသန်းတို့ဖြစ်ပြီး ယင်းတရားခံပြေးအမှုအတွက် သက်သေများကိုစစ်ဆေးရန် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားသည်။

ယခုအမှုအတွက် တရားလိုသည် သက်သေ ၂၃ ဦးအထိ တင်ပြထားကြောင်း သိရသည်။

ယခုအမှုတွင် စွပ်စွဲခံထားရသူ ကိုးဦးတွင် AA လက်နက်ကိုင်တပ်ဖွဲ့ဝင်များအဖြစ် ဦးအောင်လင်းထက်သည် ဒုအရာခံဗိုလ်၊ ဦးငြိမ်းချမ်းနှင့် ဦးမြတ်ခိုင်တို့သည် ဒုတပ်ကြပ်များအဖြစ် တရားစွဲသူက တရားရုံးသို့တင်ပြထားပြီး တရားစွဲခံရသူများတွင် ကားဂိတ်မှူးနှင့် ဖောက်ခွဲရေးပစ္စည်းများရှိကြောင်းသိသော်လည်း တာဝန်ရှိသူများကို အကြောင်းကြားရန်ပျက်ကွက်ခဲ့သည်ဆိုကာ ကျောက်လုပ်ငန်းရှင်များလည်း ပါဝင်သည်။

M-04