News

POST TYPE

MANDALAY

မန္တလေးတွင် အစိုးရကို အလိုမရှိကြောင်း စာရွက်များ ထပ်မံဖြန့်ဝေ
07-Oct-2019

မန္တလေး၊ အောက်တိုဘာ ၇

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းတွင် အစိုးရအလိုမရှိကြောင်း ရေးသားထားသည့် စတစ်ကာများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်မတော်ဟု အမည်ဖြင့် ယနေ့(အောက်တိုဘာလ ၇ ရက်) နံနက်ပိုင်းက ထပ်မံဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါ စာရွက်များကို ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ ညပိုင်းကလည်း လူသွားလူလာများသည့် နေရာများတွင် လိုက်ကပ်ခဲ့သည်။

ထိုစာရွက်တွင် အပြောနဲ့အလုပ် ထပ်တူမကျ ကတိမတည်သည့် အစိုးရ၊ စီမံခန့်ခွဲမှုမကျွမ်းကျင်သူများကို နေရာပေးသည့် အစိုးရ၊ တိုင်းရင်းသားအရေး လျစ်လျူရှုပြီး ကုလားအရေးအရေးပေးသည့်အစိုးရ၊ ပြည်ပအားကိုး အစိုးရ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများကို ဖိနှိပ်သည့်အစိုးရ၊ အခွန်တိုးကောက် ဘတ်ဂျတ်မလောက်သည့် အစိုးရ၊ ဘင်္ဂါလီများကို တရားဝင် ဝင်ရောက်ခွင့်ရရှိရေး လက်ကမ်းကြိုသည့် အစိုးရ၊ ဝန်ကြီးနှုတ်ထွက်၊ ဝန်ထမ်းထောင်ကျ အဂတိလိုက်စားသည့် အစိုးရ စသည့်ဖြင့် ရေးသားထားသည်ကို တွေ့ရသည်။

"အရေးယူနိုင်ဖို့ လိုက်ရှာနေပါတယ်။ ဘယ်သူတွေ လုပ်တယ်ဆိုတာ မသိရသေးဘူး။ စီစီတီဗီတွေလိုက်ကြည့်နေပါတယ်။ သူတို့ကျဲသွားတဲ့ စာရွက်တွေကိုတော့ လိုက်သိမ်းပြီးသွားပါပြီ"ဟု အမှတ် ၇ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇွန်လအတွင်းကလည်း ယခုရေးသားချက်များနှင့် ပုံစံတူ စာရွက်များကို ဖြန့်ဝေခဲ့ဖူးပြီး ရဲတပ်ဖွဲ့က အရေးယူနိုင်ရေး ရှာဖွေစုံစမ်းခဲ့သော်လည်း ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။

M-04