News

POST TYPE

MANDALAY

ကျောင်းတိုက်အတွင်း လောင်းကစားဒိုင် ဖွင့်ခွင့်ပြုသည့် ဆရာတော်ကို သံဃဝန်ဆောင်အရည်အချင်းပျက်မှုဖြင့် တာဝန်မှရပ်မည်
06-Oct-2019

အောက်တိုဘာ ၁ ရက်နေ့က သင်္ဂဇာကျောင်းတိုက်အတွင်း စစ်ဆေးနေစဉ်။

မန္တလေး၊ အောက်တိုဘာ ၆

ကျောင်းတိုက်အတွင်း လောင်းကစားဒိုင်ဖွင့်ခွင့်ပြုခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ် သံဃဝန်ဆောင်ဆရာတော်တစ်ပါးကို သံဃဝန်ဆောင်အရည်အချင်း ပျက်ပြားမှုဖြင့် မြို့နယ်သံဃဝန်ဆောင်ပုဂ္ဂိုလ်အဖြစ်မှ တာဝန်မှရပ်စဲမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်း၊ ကျောင်းတိုက်များတွင် အမြဲနေလူပုဂ္ဂိုလ်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများကို စာရင်းကောက်ယူဖယ်ရှားသွားနိုင်ရန်အတွက် အဖွဲ့နှစ်ဖွဲ့ခွဲ၍ အောက်တိုဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ဆောင်ရွက်ခဲ့ရာမှ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဓမ္မာဓိပတိက မိန့်ကြားသည်။

“မြို့နယ်သံဃဝန်ဆောင် ဆရာတော်တစ်ပါး ပါခဲ့တယ်။ သူကတော့ အရင်ကတည်းက ဒီလို ဖွင့်ခွင့်ပြုတာတွေ လုပ်ခဲ့တဲ့အတွက် မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဝင်စစ်တော့ လူတွေကိုတော့ မမိဘူး။ ပိတ်ထားတဲ့ အခန်းတစ်ခုထဲမှာ လောင်းကစားငွေကြေးအနည်းငယ်နဲ့ ဆက်စပ်ပစ္စည်း တွေ့ခဲ့ရတယ်ပေါ့။ အကျင့်ပျက်ယွင်းတဲ့အတွက် ဝန်ဆောင်အဖြစ်က ရပ်စဲမှာပေါ့။ ရပ်စဲတာတွေကတော့ မြို့နယ်ဝန်ဆောင် အစည်းအဝေးမှာပဲ ရပ်စဲတာတို့ အစားထိုးရွေးချယ်တာတွေ လုပ်မယ်။ ပြာသိုလလောက်မှာမှ လုပ်နိုင်မယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

စစ်းဆေးခဲ့သည့် အချို့ကျောင်းတိုက်များတွင် လူနေထိုင်ခြင်းများ၊ အချို့ကျောင်းတိုက်များတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းများ တွေ့ရှိရကြောင်း၊ စီးပွားရေးလုပ်ကိုင်ခွင့်၊ လူနေထိုင်ခွင့်ပြုလုပ်ခဲ့သည့် ကျောင်းထိုင်ဘုန်းကြီးများကို ခံဝန်ကတိ ရေးထိုးစေခြင်း၊ လူပုဂ္ဂိုလ်များကို ခံဝန်ကတိ ရေးထိုးစေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ သီတင်းကျွတ်လပြည့်နေ့မတိုင်မီ ဖယ်ရှားမပေးသည့် ကျောင်းတိုက်များကို သံဃာဥပဒေအရလည်းကောင်း၊ လူပုဂ္ဂိုလ်များကို ဥပဒေကြောင်းအရလည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

စာရင်းကောက်ယူဖယ်ရှားရာတွင် မြို့နယ်သံဃနာယကအဖွဲ့၊ ချမ်းအေးသာစံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ချမ်းအေးသားစံမြို့နယ်အတွင်း ကျောင်းတိုက်ပေါင်း ၃၄၀ ကျော်ရှိရာ ၉၀ ရာခိုင်နှုန်းခန့်ကို စစ်ဆေးနိုင်ခဲ့သည်။

မြတ်မင်း