News

POST TYPE

MANDALAY

မိုးကြောင့် ပုဂံရှိသာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ရေးနှင့် စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲမည်
05-Oct-2019

နေဝင်၊ နေထွက်ချိန် အဓိကကြည့်ရှုရာဘုရားဖြစ်သည့် ရွှေဆံတော်ဘုရား ပထမပစ္စယံ အုတ်သားနံရံ အစိတ်အပိုင်းအချို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက ပြိုကျပျက်စီးခဲ့သည်။


မန္တလေး၊ အောက်တိုဘာ ၅

မိုးရွာသွန်းမှုများပြားလာခြင်းကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စီမံခန့်ခွဲမှု အစီအစဉ်များ ရေးဆွဲရန်စီစဉ်ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ) ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

“မိုးများရင် ရေကြီး၊ ဘုရားတွေကို ရိုက်ခတ်၊ ဆွေးမြေနေတဲ့ ရှေးဟောင်းအုတ်တွေကို ထိခိုက်မယ်။ ပြိုကျမယ်။ ပြတ်ကျမယ်။ မြစ်ကမ်းပါးတွေ တိုက်စားမယ်။ အကျိုးဆက်တွေကတော့ အများကြီးပါပဲ။ ရေစီးကြောင်းတွေရှိတယ်။ ဒါတွေကလည်း အကြောင်းအမျိူးမျိူးကြောင့် ပိတ်ဆို့သွားတာတွေ ရှိတယ်။ အမှိက်တွေကြောင့် ပိတ်တာရှိတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကြောင့် ပိတ်တာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စီမံခန့်ခွဲမှုအစီအစဉ်များ ရေးဆွဲနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ) ဌာနခွဲထံမှ သိရသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း မိုးကြောင့် ဘုရာအချို့ ပြိုကျမှုများဖြစ်ပွားခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ဘုရာအမှတ် ၁၃၇၈ ပြိုကျခဲ့သည်။ 

၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း ရွာသွန်းခဲ့သည့် မိုးကြောင့် ငလျင်ဒဏ်သင့် ပုဂံဘုရားစေတီအချို့ ပျက်းစီးခြင်းများ၊ နိုဝင်ဘာလအတွင်း ရွာသွန်းခဲ့သည့်မိုးကြောင့် အုတ်ကျောင်းတစ်ခု၏ အစိတ်အပိုင်းအချို့ ပျက်စီးခြင်းများ၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ နေဝင်၊ နေထွက်ချိန် အဓိကကြည့်ရှုရာ ဘုရားဖြစ်သည့် ရွှေဆံတော်ဘုရား ပထမပစ္စယံ အုတ်သားနံရံအစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခြင်းများ ရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေတွင် စိမ်းညက်ညီအစ်မဘုရား၏ အနောက်တောင်ဘက်တွင် တည်ရှိသည့် ဘုရာအမှတ် ၁၀၆၆ ၏ အသစ်ပြန်လည်တည်ဆောက်ထားသည့် နံရံအသစ် ၃ ဘက် ပွင့်ကျပြိုပျက်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ) ဌာနခွဲရှိ မှတ်တမ်းများအရ သိရသည်။

မြတ်မင်း