News

POST TYPE

MANDALAY

အမေရိကန်ခရီးသွားများအတွက် ရခိုင်ပြဿနာက အဓိကစိန်ခေါ်မှုဖြစ်နေဆဲဟုဆို
03-Oct-2019

ဓာတ်ပုံ-ရန်မိုးနိုင်

မန္တလေး၊ အောက်တိုဘာ ၃

မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်နိုင်ငံသား ခရီးသွားများအတွက် ရခိုင်ပြည်နယ်အရေးသည် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ရခိုင်အရေးအကြောင်း ကောင်းကောင်းမသိခြင်းကလည်း ဝင်မလာရဲအောင် လုပ်နေသည့်အခြေအနေ ဖြစ်သည့်အတွက် ပြည်တွင်းမှ ခရီးသွားလုပ်ငန်းရှင်များက ရခိုင်အရေးနှင့်ပတ်သက်သည့် အခြေအနေ အမှန်များကို ထုတ်ပြန်ပေးရန် အစိုးရအားတောင်းဆိုသင့်ကြောင်း ASEAN Business Council ၏ ဥက္ကဋ္ဌ Mr. Alexander C. Feldman က ပြောကြားသည်။

အောက်တိုဘာလ ၃ ရက်နေ့က မန္တလေးမြို့ MRCCI တွင် ပြုလုပ်သည့် Business Networking Between MRCCI and US-ASEAN အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာမှာ မြန်မာနိုင်ငံအကြောင်း ပြောပြီဆိုတာနဲ့ ဦးစွာပထမပြောတာက ရခိုင်ပြည်နယ်အရေးပေါ့နော်။ ဒါက အချင်းချင်းပြောဖြစ်ကြရင်တော့ မြန်မာနိုင်ငံအတွက်လည်း ဒီကိစ္စက မတရားဘူး။ တခြားသော ကဏ္ဍတွေ အများကြီးရှိနေတဲ့ကြားထဲက ဒီဟာကိုပဲ ဖိအားပေးပြီး ပြောနေကြတာဆိုတော့လေ။ ဒါပေမဲ့ ဒါက မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ အချိန်တန်ရင်တော့ ကျော်လွှားသွားမှာပါ။ ကျော်လွှားသွားရင်တော့ လုပ်ငန်းရှင်တွေက ခရီးသွားကဏ္ဍအတွက် ခရီးသွားရေးကော်မတီ US- ASEAN မှာ ရှိတဲ့အတွက် လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု Mr. Alexander C. Feldman က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံသားများအနေနှင့် မြန်မာနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ကြရန် စီးပွားရေးလုပ်ငန်းရှင်များ လုပ်ဆောင်သင့်သည့်အကြောင်းအရာများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) အတွင်းရေးမှူး ဦးသန့်ဇော်က ဆွေးနွေးသည်ကို ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖြစ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံတကာတွင်ဖြစ်နေသည့် အဓိကပြဿနာမှာ ရခိုင်ပြည်နယ်အရေးကို မသိရှိခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက တပ်မတော်ကို ဖြစ်စဉ်အမှန်များ၊ လုပ်ဆောင်ချက်များကို နိုင်ငံတကာကို သိအောင် ချပြပေးရန် တိုက်တွန်းကြဖို့လိုကြောင်း U.S Embassy Rangoon မှ Deputy Chief Of Mission Mr. George Sibley က ပြောဆိုသည်။

“တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာ သွားလာလို့ရတဲ့၊ လုံခြုံစိတ်ချရတဲ့ နေရာတွေ အများကြီးရှိနေတယ်။ လာတဲ့ ခရီးသည်တွေအတွက်လည်း လိုအပ်တဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ နေထိုင်ရေးအတွက် အဆင်ပြေတာတွေ အများကြီးရှိနေပေမယ့်လည်း အဲဒီအကြောင်းတွေက နိုင်ငံတကာ ခရီးသွားတွေကို မရောက်နိုင်ဘဲနဲ့ လတ်တလောဖြစ်ပျက်နေတဲ့ ပြဿနာတွေကသာ ရောက်နေတဲ့အတွက် ခရီးသွားပုံရိပ် ကျဆင်းနေတာပါ” ဟု ဦးသန့်ဇော်က ရှင်းပြသည်။

M-04