News

POST TYPE

MANDALAY

မန္တလေး လူငယ်သင်တန်းကျောင်းတွင် သတ်မှတ်လူဦးရေထက် နှစ်ဆကျော် လက်ခံထားရ
29-Sep-2019
မန္တလေး၊ စက်တင်ဘာ ၂၉

ကလေးသူငယ်ဆိုင်ရာဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းချက်အရ အသက် ၁၈ နှစ် မပြည့်သေးသည့် အမှုရင်ဆိုင်နေရသူ အားလုံးကို လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းတွင် ထားရမည်ဆိုသည့်အချက်ကြောင့် ဖွဲ့စည်းပုံအရ လူနှစ်ရာသာ သတ်မှတ်ထားသည့် မန္တလေးလူငယ်သင်တန်းကျောင်းတွင် လူဦးရေ ၄၈၀ အထိ လက်ခံထားရပြီး နေရာအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ယင်းကျောင်းအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ဥပဒေပြင်ဆင်လိုက်တာနဲ့ အရင်က အကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံထားရတဲ့ ကလေးတွေအကုန်လုံးက ဒီကိုရောက်လာတယ်။ လူက ရုတ်တရက်တိုးလာတော့ သူတို့နေစရာအခက်အခဲ ဖြစ်သွားတာ”ဟု ဦးနေအောင်ကျော်က ရှင်းပြသည်။

ကလေးသူငယ်ဥပဒေကို ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ပြင်ဆင်ပြဋ္ဌာန်းလိုက်ရာ ယင်းဥပဒေတွင် ကလေးသူငယ် အသက်အရွယ် သတ်မှတ်ချက်ကို ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းပြင်ဆင်ချက်အရ အကြောင်းအမျိုးမျိုးဖြင့် အမှုရင်ဆိုင်နေကြရသူများအနက် အသက် ၁၈ နှစ်မပြည့်သေးသူတိုင်းကို လူငယ်သင်တန်းကျောင်းများတွင်သာ ထားရှိရမည်ဆိုသည့်အချက်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

စားစရိတ်နှုန်းထားကိုလည်း တိုးမြှင့်သတ်မှတ်ချထားပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ထံ တင်ပြထားသော်လည်း မရရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ခင်စန်းအေးက ပြောကြားသည်။

M-04