News

POST TYPE

MANDALAY

မဟာမုနိဘုရား၌ ပြည်တွင်း ပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို အသံစနစ်ဖြင့် ကြေညာမည်
29-Sep-2019

မန္တလေး၊ စက်တင်ဘာ ၂၉

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ လာရောက်ကြသည့် တရုတ်ခရီးသွားများ အပါအဝင် ပြည်တွင်းပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို အသံစနစ်ဖြင့် ကြေညာမည်ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

အဂါရဝအပြုအမူများ မပြုလုပ်စေရန်နှင့် ဘုရားနှင့်မသက်ဆိုင်သည့် အမူအကျင့်များ မပြုလုပ်ကြစေရန် ပြုလုပ်ရခြင်းဖြစ်ပြီး လိုက်နာရမည့်စည်းကမ်းများကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ် စသည့် ဘာသာစကားသုံးမျိုးဖြင့် ဖတ်ကြားပေးမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။

“အခုလာတဲ့ခရီးသွားတွေမှာ အနောက်နိုင်ငံသားက နည်းပြီးတော့ တရုတ်နိုင်ငံသားက များနေတယ်။ ဒီအခါမှာ တရုတ်စာနဲ့ သတိပေးမှ သူတို့နားလည်မှာပေါ့”ဟု ၎င်းကရှင်းပြသည်။

ထို့ပြင် မြန်မာ၊ တရုတ်၊ အင်္ဂလိပ် ဘာသာစကားသုံးမျိုးဖြင့် ဗီနိုင်းဆိုင်းဘုတ်များကိုပါ ချိတ်ဆွဲထားမည်ဖြစ်ကာ အောက်တိုဘာလအတွင်း စတင်ပြုလုပ်မည်ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့ရှိ မဟာလောကမာရဇိန်ဘုရားတွင် ပြီးခဲ့သည့်တစ်ပတ်ခန့်မှစတင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ် ဘာသာစကားသုံးမျိုးကို အသံစနစ်ဖြင့် ဖတ်ကြားပေးခြင်း၊ ဗီနိုင်းချိတ်ဆွဲခြင်းတို့ ပြုလုပ်နေသည်။

မြတ်မင်း