News

POST TYPE

MANDALAY

ပုလိပ်အင်းနှင့် စွန်ရဲအင်းကို သဘာဝအတိုင်း Wetland အဖြစ် သတ်မှတ်ဖော်ဆောင်မည်
28-Sep-2019
မန္တလေး၊ စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပုလိပ်အင်းနှင့် စွန်ရဲအင်းကို သဘာဝအတိုင်း တည်ရှိနေသည့် ဗွက်နွံများနှင့် စိမ့်ဒေသ (Wetland) အဖြစ် သတ်မှတ်ထိန်းသိမ်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောကြားသည်။

“မန္တလေးတိုင်းထဲမှာရှိတဲ့ သဘာဝ အင်းကြီးတွေက ရှားပါးတယ်။ ဒီလိုရှားပါးနေတဲ့အထဲမှာ ပုလိပ်အင်းနဲ့ စွန်ရဲအင်းကို ပုံမှန်အနေအထား Wetland အနေနဲ့ ထိန်းသိမ်းမယ်။ ဒီအခါမှာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ ပုံမှန်အနေအထားဆိုရင် ထိန်းသိမ်းဖို့ ခက်ခဲတယ်။ Wetland အဖြစ် သတ်မှတ်လိုက်ရင် ရန်ပုံငွေ သုံးစွဲထိန်းသိမ်းလို့ ရလာမယ်။ ပုံမှန်ထိန်းသိမ်းနေတာထက် ဒီလိုသတ်မှတ်ပြီး ထိန်းသိမ်းလိုက်ရင် ပိုပြီးတော့ ထိရောက်တာပေါ့။ Wetland အဖြစ် သတ်မှတ်နိုင်ဖို့ အမြန်ဆုံးလုပ်သွားမယ်”ဟု ၎င်းကပြောဆိုသည်။

ပုလိပ်အင်းနှင့် စွန်ရဲအင်းကို ဆည်မြောင်ဦးစီးဌာနက ထိန်းသိမ်းနေပြီး Wetland အဖြစ် သတ်မှတ်ပြီးပါက အစိုးရ၊ နယ်မြေခံအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ NGO၊ INGO အဖွဲ့များနှင့်ပူးပေါင်း၍ ရေရှည်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဦးလှိုင်ဝင်းကဆိုသည်။

လက်ရှိတွင် Wetland အဖြစ် ဖော်ဆောင်နိုင်ရန် ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေခြင်းတို့ ပြုလုပ်နေသည်။

စွန်ရဲအင်းနှင့် ပုလိပ်အင်းသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း တည်ရှိပြီး ပုလိပ်အင်းသည် နှစ်စဉ်ဆောင်းခိုငှက်များ လာရောက်ရာနေရာတစ်ခုဖြစ်သည်။

မြတ်မင်း