News

POST TYPE

MANDALAY

အိမ်အကူအမျိုးသမီးကို နှိပ်စက်ညှဉ်းပန်းခဲ့သူများကို ထောင်ဒဏ် ၁၅ နှစ် အမိန့်ချ
16-Sep-2019
မန္တလေး၊ စက်တင်ဘာ ၁၆

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေခဲ့သည့် အိမ်အကူအမျိုးသမီး မနန်းမေဇင်ဦးအား မျက်နှာကို အက်ဆစ်ဖြင့်လောင်းခြင်း၊ ပိတ်လှောင်ခြင်းနှင့် လုပ်အားခမပေးခြင်းတို့ကြောင့် ဖမ်းဆီးထားပြီး လူကုန်ကူးမှုဥပဒေဖြင့် မန္တလေးခရိုင်တရားရုံးတွင် စစ်ဆေးလျက်ရှိသည့် ဒေါ်နီနီနုနွယ်နှင့် ယောက္ခမဖြစ်သူ ဒေါ်မိုးမိုးတို့နှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီကျခံရန် စက်တင်ဘာလ ၁၆ ရက်နေ့က အမိန့်ချမှတ်လိုက်သည်။

“သက်သေခံချက်များအရ တရားလိုပြများက ဒေါ်နီနီနုနွယ်နှင့် ဒေါ်မိုးမိုးတို့က မနန်းမေဇင်ဦးကို လုပ်ခလစာ အပြည့်အဝမပေးကြောင်း ထွက်ဆိုထားကြပြီး ခံပြသက်သေနှင့် တရားခံများက ခုခံထွက်ဆိုကြသော်လည်း လုပ်ခလစာပေးကြောင်း သက်သေပြနိုင်ခြင်းမရှိပါ။ ဒါ့အပြင် မနန်းမေဇင်ဦး ဒဏ်ရာရပြီးချိန်တွင်လည်း မစွမ်းဆောင်နိုင်သော အခြေအနေကို အဓမ္မခိုင်းစေခြင်း၊ အဓမ္မဝန်ဆောင်မှုပေးစေခြင်းကို ကျူးလွန်ရာရောက်ကြောင်း သုံးသပ်ရမည်ဖြစ်သည့်အတွက် အပြစ်ရှိကြောင်းဆုံးဖြတ်သည်”ဟု မန္တလေးခရိုင်တရားရုံး တွဲဖက်တရားသူကြီး ၁ ဒေါ်မာလာက တရားခွင်တွင် အမိန့်ချမှတ်ခဲ့သည်။

ရွာငံမြို့နယ် နာဘမ်းကြီးကျေးရွာမှ မန္တလေးမြို့သို့ အိမ်အကူအဖြစ်လာရောက် အလုပ်လုပ်ကိုင်နေသည့် မနန်းမေဇင်ဦးကို အိမ်ရှင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သည့် ဒေါ်နီနီနုနွယ်က အက်ဆစ်ဖြင့်လောင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖောဖော်ဝါရီလအတွင်းကလည်း ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း၊ ဝက်စာပုံးအတွင်း မျက်နှာအပ်ကာ ဖိချခြင်းတို့အပြင် လုပ်အားခများမပေးပဲ ထားခဲ့သည့်အတွက် ဖမ်းဆီးတရားစွဲဆိုထားသည့် အမှုဖြစ်သည်။

ယင်းအမှုကို ချမ်းမြသာစည်မြို့နယ်တရားရုံးက အပြင်းအထန်နာကျင်စေမှုဖြင့် ဒေါ်နီနီနုနွယ်အား အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်ကျခံရန် ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ထားသည်။

ယင်းသို့ ပြစ်ဒဏ်ချမှတ်ထားသည့်အတွက် ခရိုင်တရားရုံးက ယနေ့ချမှတ်လိုက်သည့်အမှုတွင် ဒေါ်နီနီနုနွယ်သည် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်မရှိဘဲ ဒေါ်မိုးမိုးတစ်ဦးတည်းသာ ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုကြောင်းလည်း ပါဝင်သည်။

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာမှ မနန်းမေဇင်ဦးကို ၂၀၀၉ ခုနှစ်ကတည်းက အက်ဆစ်ဖြင့် လောင်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းဖြစ်စဉ်ကို မတ်လ ၁ ရက်နေ့က အမျိုးသမီးငယ်ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံပြီး လူကုန်တားရဲတပ်ဖွဲ့ထံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မနန်းမေဇင်ဦးကို ၂၀၀၈ ခုနှစ်က ဒေါ်မိုးမိုးက ၎င်းပိုင်စတိုးဆိုင်တွင် တစ်လလျှင် တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာအလုပ်လုပ်ကိုင်ခဲ့ရပြီး ဆိုင်ပိတ်လိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်။

ယင်းသို့လုပ်ကိုင်နေရင်း ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏မောင်က မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေးဆိုခြင်းနှင့်ပက်သက်ပြီး ဒေါ်နီနီနုနွယ်က ရေချိုးနေစဉ် အက်ဆစ်ဖြင့် လောင်းချခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ရှင်းပြသည်။

ဒေါ်နီနီနုနွယ်က ၂၀၁၀ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အက်ဆစ်ဖြင့်လောင်းခဲ့ခြင်းဖြစ်ပြီး အက်ဆစ်လောင်းခံခဲ့ရသည့် မနန်းမေဇင်ဦး၏ ဘယ်ဘက်ဦးခေါင်းမှစကာ တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိတစ်ဖက်လည်း ကွယ်သွားခဲ့ကာ လက်မှာလည်း ကွေးဆန်း၍ မရသည့် အခြေအနေများသို့ ရောက်ရှိသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ပြောဆိုထားသည်။

မနန်းမေဇင်ဦးအား အက်ဆစ်ဖြင့်လောင်းခဲ့ပြီး နောက်ပိုင်းတွင် အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး၊ ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေပဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်။

ဒေါ်မိုးမိုးတို့အနေဖြင့် မနန်းမေဇင်ဦး လာရောက်အလုပ်လုပ်ကိုင်နေသည့် ဆယ်နှစ်တာကာလအတွင်း လုပ်အားခအနေဖြင့်လည်း စတင်လာရောက်စဉ်က နှစ်သောင်းကျပ်၊ အက်ဆစ်ဖြင့် လောင်းသည့် နောက်ပိုင်းတွင် တစ်သိန်းကျပ်တစ်ကြိမ်၊ နှစ်သိန်းကျပ်တစ်ကြိမ်၊ စုစုပေါင်း သုံးသိန်းနှစ်သောင်းကျပ်သာ ပေးခဲ့ပြီး ကျန်သည့်လုပ်အားခများကိုလည်း မပေးခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖော်ထုတ်ထားသည်။

ယင်းသို့ မနန်းမေဇင်ဦးအား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ်နှင့် အိမ်ရှင်ဖြစ်သည့် ဒေါ်မိုးမိုးတို့အား ၎င်းတို့၏ နေအိမ်မှာပင် မတ်လ ၁ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကာ အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ) ၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ယင်းအမှုကို မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

M-04




  • VIA