News

POST TYPE

MANDALAY

ပုဂံရှိနေရာ ၉ နေရာကို ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် ဖော်ဆောင်မည်
14-Sep-2019

မန္တလေး၊ စက်တင်ဘာ ၁၄

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ နေရာ ၉ နေရာတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နယ်မြေများတွင် ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများအဖြစ် ထူထောင်ခြင်းလုပ်ငန်းသည် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများဖြစ်စေကြောင်း၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သော ခရီးသွားစီးပွားရေး ဖွံ့ဖြိုးမှု အထောက်အကူပြုသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ယင်းဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောကြားသည်။

“ဆေးလိပ်နဲ့ဆေးရွက်ကြီး ဥပဒေမှာပါတယ်။ အများပြည်သူတွေနဲ့ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့် မရှိဘူး။ အများပြည်သူတွေနဲ့ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်ငွေ့ကင်းစင်အောင်ပေါ့။ အခုလုပ်မယ့်နေရာတွေက ဘုရား၊ အစိုးရရုံး၊ အားကစားကွင်း၊ တိုင်းရင်းဆေးရုံပါမယ်”ဟု ၎င်းကပြောဆိုသည်။

ပုဂံရှေးဟောင်းနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ဖော်ဆောင်ခြင်းလုပ်ငန်းများကို ၂၀၁၉ နှစ်စကတည်းက ဖော်ဆောင်နေခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်းရှိ ဘုရားစေတီများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်၊ တည်းခိုခန်းများနှင့် ကလေးကစားကွင်း စသည့်နေရာ ၄၈ နေရာတို့တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

နေရာ ၉ နေရာတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများအဖြစ် ဖော်ဆောင်ခြင်းလုပ်ငန်းများကို စက်တင်ဘာ တတိယပတ်အတွင်း စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆေးလိပ်မသောက်ရ စာများစိုက်ထူခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ရှေးဟောင်းနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာများ ဖော်ဆောင်ရေးလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

“ဆေးလိပ်သောက်တဲ့သူတွေကတော့ သောက်နေမှာပဲ။ သို့သော်လည်း ဆေးလိပ်သောက်တဲ့သူတွေကြောင့်မို့ ဆေးလိပ်မသောက်တဲ့သူတွေ ဆေးလိပ်ငွေ့ရှူရမယ့် အနေအထားကနေ ကင်းစေဖို့နေရာတွေ ဖော်ထုတ်ခြင်းဖြစ်ပါတယ်။ ဆေးလိပ်မသောက်တဲ့သူတွေ ဆေးလိပ်အန္တရာယ်ကနေ ကင်းဝေးစေဖို့အတွက်ပါ”ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

M-05