News

POST TYPE

MANDALAY

တရားရုံးက ဦးဆောင်စေ့စပ် ဆွေးနွေးခြင်းစနစ် အောင်မြင်ဟုဆို
12-Sep-2019
မန္တလေး၊ စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးအချို့တွင် စမ်းသပ်လုပ်ဆောင်လျက်ရှိသည့် တရားရုံးက ဦးဆောင်စေ့စပ်ဆွေးနွေးခြင်း (Court Lead Mediation) စနစ်အောင်မြင်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်းက စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပသည့်လွှတ်တော်တွင် ပြောကြားသည်။

စမ်းသပ်ကျင့်သုံးနေပြီဖြစ်သော တရားရုံးက ဦးဆောင်စေ့စပ် ဆွေးနွေးခြင်း (Court Lead Mediation) ကိစ္စအား ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က မေးမြန်းသည့်အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စမ်းသပ်နေတဲ့ ရုံးလေးရုံးရဲ့ ခြောက်လပတ်ကာလမှာ ဆန်းစစ်ချက်အရ ၂၅ ရာခိုင်နှုန်း အောင်မြင်တဲ့အတွက် Court Lead Mediation စနစ်က အောင်မြင်တယ်လို့ ယုံကြည်ပြီးဖြေကြားလိုပါတယ်”ဟု ဦးစိုးသိန်းက ပြောဆို သည်။

အဆိုပါစနစ်ကို ဒက္ခိဏခရိုင် တရားရုံး၊ တပ်ကုန်းမြို့နယ်တရားရုံး၊ တောင်ငူခရိုင်တရားရုံး၊ တောင်ငူမြို့နယ် တရားရုံးတို့တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က စတင်စမ်းသပ်လုပ်ကိုင်နေပြီး စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ထားကြောင်း သိရသည်။

ဒက္ခိဏခရိုင်တရားရုံးတွင် တရားရုံးက ဦးဆောင်စေ့စပ် ဆွေးနွေးခြင်း (Court Lead Mediation) စနစ်ဖြင့် ဖြေရှင်းရန်တိုင်ကြားမှု ၁၄၀ ရှိပြီး ၂၈ မှုအောင်မြင်ကြောင်း၊ တပ်ကုန်းမြို့နယ်တရားရုံးတွင် တရားရုံးက ဦးဆောင် စေ့စပ် ဆွေးနွေးခြင်းစနစ်ဖြင့် ဖြေရှင်းရန်တိုင်ကြားမှု ၄၅ မှုရှိပြီး ၁၅ မှုအောင်မြင်ကာ ၂ မှုမှာ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

တရားရုံးက ဦးဆောင်စေ့စပ်ဆွေးနွေးခြင်းစနစ်သည် တရားရုံးများတွင် တရားမမှုဖြင့် စွဲပြီးသည့်နောက် နှစ်ဖက်အမှုသည်များအကြား အငြင်းပွားမှုကို စေ့စပ်ဖြေရှင်းရေးအရာရှိ၏ အကူအညီဖြင့် ၎င်းတို့ လက်ခံနားလည်နိုင်သည့်အခြေအနေအထိ ဖြေရှင်းသည့်ပုံစံဖြစ် သည်။

ထို့ပြင် အဆိုပါစနစ်သည် အမှုနိုင်၊ အမှုရှုံး အမိန့်ချသည့်ပုံစံမဟုတ်ဘဲ နှစ်ဖက်အမှုသည်များ၏ သဘောဆန္ဒကို ညှိနှိုင်းပေးခြင်းသာဖြစ်ကြောင်း သိရသည်။

တရားရုံးက ဦးဆောင်စေ့စပ်ဆွေးနွေးခြင်းစနစ်ကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် JICA တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

M-04