News

POST TYPE

MANDALAY

ဘာသာရေးအကြောင်းပြု၍ မလိုလားသည့်ဆွဲဆောင်မှုများမရှိရန် တပ်ချုပ်ပြောကြား
11-Sep-2019

မန္တလေး၊ စက်တင်ဘာ ၁၁

လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသော်လည်း ဘာသာရေးကိုအကြောင်းပြု၍ မလိုလားအပ်သည့် ဆွဲဆောင်မှုများ မရှိရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မန္တလေးမြို့ ချမ်အေးသာစံမြို့နယ် ဂျွန်းဗလီအခြေခံဘာသာရေးစာသင်ကျောင်းတွင် ယနေ့ (စက်တင်ဘာလ ၁၁ ရက်) နံနက်ပိုင်းကပြုလုပ်သော တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ယင်းကျောင်းသို့လှူဒါန်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“အခုလို သမိုင်းအစဉ်အလာကြီးတဲ့ဗလီမှာ တပ်မတော်မိသားစုက လှူနိုင်ခြင်းအတွက် ဝမ်းသာပါတယ်။ လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး၏ ဆုံးမဩဝါဒကိုလည်း နာခံရန်ရှိပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းသည့်အတွက် အလွန်ဝမ်းသာရပါကြောင်း၊ ဖွင့်ခွင့်မရသေးသည့် ဗလီကျောင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ရန် ဗိုလ်ချုပ်မှူးကြီးထံ မိမိအနေဖြင့်တင်ပြပါကြောင်း ဂျွန်းဗလီတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းလှူဒါန်းမှုတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ငွေကျပ်သိန်း ၃၀ နှင့် ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကိုလည်းကောင်း၊ မန္တလေးမြို့မှ အောင်မြင်သူကုမ္ပဏီနှင့် ကုမ္ပဏီနှစ်ခုကလည်း ငွေနှင့်ဆန်အိတ်များ လှူဒါန်းခဲ့သည်။

အဆိုပါဂျွန်းဗလီမှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် တည်ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်းတွင်လည်း ဆွမ်းဆက်ကပ်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

M-01