News

POST TYPE

MANDALAY

မန္တလေးရှိ ဘုန်းကြီးကျောင်းမြေနှင့် မီးတားမြေတွင် ငှားရမ်းထားခြင်းကို ဖယ်ရှားရန် ညွှန်ကြား
11-Sep-2019
မန္တလေး၊ စက်တင်ဘာ ၁၀ 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းမြေနှင့် မီးတားမြေအဖြစ် သတ်မှတ်ထားသောနေရာများတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ မြေနေရာ ငှားရမ်းထားခြင်းများကို ဖယ်ရှားရန် မြို့နယ်အဆင့် သံဃနာယကအဖွဲ့များထံ ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ထံမှ သိရသည်။

“မှန်တာပေါ့ကွ။ လူတွေနေလို့ ဘယ်ရမလဲ။ သံဃာအဖွဲ့အစည်းပေါ်ကတည်းက ဘုန်းကြီးကျောင်းတွေထဲမှာ၊ သာသနာ့ နယ်မြေထဲမှာ လူမနေရဘူးဆိုတာ ရှိထားပြီးသာပဲ။ မလုပ်ဘဲနဲ့ နေနေကြလို့”ဟု မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မြို့နယ်များရှိ ဘုန်းကြီးကျောင်း မြေ (သာသနာ့မြေ) နှင့် ဘုန်းကြီးကျောင်းအနီးရှိ မီးတားမြေအဖြစ် သတ်မှတ်ထားသော မြေနေရာများပေါ်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ မြေနေရာငှားရမ်း၍ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခွင့်ပြုထားရှိမှုများအား အမြန်ရှင်းလင်း ဖယ်ရှားပေးရေး၊ မြို့နယ်သံဃနာယကအဖွဲ့မှတစ်ဆင့် ဘုန်းကြီးကျောင်း တစ်ကျောင်းချင်းအလိုက် စာထွက်ရန်နှင့် လိုက်နာမှုမရှိပါက ရှင်းလင်းဖယ်ရှားနိုင်ရေး စီမံဆောင်ရွက်ရန်ဟု ဆုံးဖြတ်ခဲ့ကြောင်း ညွှန်ကြားစာတွင် ပါရှိသည်။

“တို့ဆီကိုတော့ စာရောက်တာတော့ ၃ ရက်လောက်ရှိပြီ။ လတ်တလောတော့ ဘာမှမလုပ်ရသေးဘူး။ တိုင်ပင်ရဦးမယ်။ မြို့နယ်ဆရာတော်တွေနဲ့ ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဓမ္မက မိန့်ကြားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးအစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြစ်ပြီး ဆုံးဖြတ်ချက်ကို မြို့နယ်များအတွင်းရှိ သက်ဆိုင်ရာကျောင်းတိုက်များသို့ တစ်ကျောင်းချင်းအလိုက် ဆက်လက်ဆောင်ရွက်ရန်ဟု လျှောက်ထားညွှန်ကြား စာတွင်ပါရှိသည်။  

M-05


  • VIA