News

POST TYPE

MANDALAY

ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ပြင်ပပညာရှင်များကိုဖိတ်ခေါ်၍ အမှတ်ပေးမည်
09-Sep-2019


မန္တလေး၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံတွင် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သည့် ကျောက်ဆည် ဆင်ပြိုင်ပွဲတွင် ပြင်ပပညာရှင်များကို ဖိတ်ကြား၍ အမှတ်ပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဆင်လှူပွဲတော်နှင့် ဆင်ပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးစိုးသီဟက ပြောကြားသည်။

“ဘာကြောင့်လဲဆိုတော့ နိုင်ငံကျော်အတီးအမှုတ် ပညာရှင်တွေကိုခေါ်ပြီးတော့ ငှားပြီးတော့ ပြိုင်ကြတယ်။ ဒီအခါမှာ ဒေသတွင်း ပညာရှင်တွေနဲ့ဆုံး ဖြတ်လို့ရှိရင် တိကျမှုမရှိနိုင်ဘူး။ ဆိုကရေးတီး ပြိုင်ပွဲတွေမှာ အမှတ်ပေးခဲ့တဲ့ဒိုင်တွေကို အဓိကထားပြီး ဖိတ်ကြားသွားမယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကျောက်ဆည် ဆင်ပွဲသည် ထင်ရှားကျော်ကြားသည့် ပွဲတော်တစ်ခုဖြစ်ပြီး ဆင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်နှင့် လပြည့်နေ့တို့တွင် ပုံမှန်ကျင်းပကြောင်း၊ ကျောက်ဆည် ဆင်ပွဲတွင် ဆင်လှူပွဲနှင့် ဆင်ပြိုင်ပွဲဟူ၍ ရှိပြီး ကျောက်ဆည် ဆင်ပြိုင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ပုံမှန်ကျင်းပကာ ဆင်လှူ ပွဲတွင် ဆင်ရုပ်များနှင့် ရွှေသာလျောင်း မြတ်စွာဘုရားကို လွန်ခဲ့သည့်နှစ်ပေါင်း ၉၀၀ ကျော်မှစ၍ တင်လှူပူဇော်ခဲ့ကြကြောင်း ကျောက်ဆည်မြို့မှ မြို့မိမြို့ဖများက ပြောကြားသည်။

ဆင်ပြိုင်ပွဲတွင် ကလေးဆင်၊ ဘော်ကြယ်ဆင်၊ သဘာဝဆင်နှင့် ရိုးရာ ဆင်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲလေးရပ်ကျင်းပကာ ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် ၄၁ ကြိမ်မြောက် ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ဆင်ကောင်ရေ ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ဆင်လှူပွဲတော်နှင့် ဆင်ပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

M-05


  • VIA