News

POST TYPE

MANDALAY

စန္ဒာမုနိနှင့် ကုသိုလ်တော်ဘုရားသို့ လာသည့် ပြည်ပခရီးသွားများထံမှ ဝင်ကြေးကောက်ရန် တိုင်းအစိုးရထံတင်ပြ
05-Sep-2019

မန္တလေး၊ စက်တင်ဘာ ၅

မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သည့် စန္ဒာမုနိဘုရားနှင့် ကုသိုလ်တော်ဘုရားသို့ လာရောက်ကြသည့် ပြည်ပခရီးသွားများထံမှ ဝင်ကြေးကောက်ခံနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ကုသိုလ်တော်နှင့် စန္ဒာမုနိဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

“ခွင့်ပြုချက်ရမှ တို့ကကောက်လို့ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားတယ်။ တင်ထားတာတော့ တစ်လလောက်ရှိပါပြီ”ဟု ၎င်းက ပြောဆိုသည်။

စန္ဒာမုနိဘုရားနှင့် ကုသိုလ်တော်ဘုရားသည် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်ရာ ဘုရားများဖြစ်ပြီး တစ်ရက်လျှင် ခရီးသွားတစ်ထောင်နီးပါး လာရောက်ကြကြောင်း၊ ဝင်ကြေးကောက်ခံသည်နှင့်အမျှ လိုအပ်သည့် ဝန်ဆောင်မှုများ ပေးမည်ဖြစ်ကြောင်း ကုသိုလ်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“ပြည်ပနိုင်ငံတွေမှာလည်း ကောက်ကြတယ်။ အန်ကောတို့၊ ထိုင်းတို့မှာပေါ့။ ကောက်တဲ့နှုန်းကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံထက် များပါတယ်။ ကျွန်တော်တို့အမြင်ကတော့ ဒီလိုကောက်မှာကို သိပ်ပြီးတော့ သဘောမကျဘူး။ မန္တလေး ဇုန်ဝင်ကြေး ၁၀ ဒေါ်လာကောက်ပြီးသား ဖြစ်တဲ့အတွက် ဒါတွေကောက်မယ်ဆိုရင်တော့ ခရီးသွားကုမ္ပဏီတွေနဲ့ စကားပြောကြရမယ်ထင်တယ်”ဟု ဧည့်လမ်းညွှန် ကိုစိုးသိန်းက ပြောကြားသည်။

မန္တလေးမြို့တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ လာရောက်ကြသည့် ပြည်ပခရီးသွားများထံမှ ဝင်ကြေးများကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကောက်ခံခဲ့သည်။

M-05