News

POST TYPE

MANDALAY

မန္တလေးတက္ကသိုလ် Food Court ကိစ္စ သပိတ်မှောက်မှု ပါဝင်သူများကို အရေးမယူဟု ဒု ပါမောက္ခချုပ်ဆို
04-Sep-2019

မန္တလေး၊ စက်တင်ဘာ ၄

မန္တလေးတက္ကသိုလ် Food Court ကိစ္စနှင့်ပတ်သက်၍ သပိတ်မှောက်မှုတွင်ပါဝင်သည့် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား၊ ကျောင်းသူများကို အရေးယူမှုပြုလုပ်မည်မဟုတ်ကြောင်း ယင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကတိပေးပြောကြားသည်။

“သပိတ်မှောက်မှုထဲမှာပါတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဖိနှိပ်မှု၊ အရေးယူမှုမပြုပါဘူးလို့ မီဒီယာမှာလည်း ပြောထားသလို ခုလည်းထပ်ပြောပါတယ်။ ဒီအထဲမှာပါတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆရာတို့တက္ကသိုလ်ပိုင်းက အရေးယူမှု မပြုလုပ်ပါဘူး”ဟု ၎င်းကပြောဆိုသည်။

ထိုကဲ့သို့ ဒုတိယပါမောက္ခချုပ်က နှုတ်ကတိဖြင့်ပြောကြားသော်လည်း တရားဝင် စာထုတ်ခြင်းမဟုတ်သည့်အတွက် ယုံကြည်မှုမရှိကြောင်း မန္တလေးတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျောင်းသူ မအေးမြင့်အောင်က တုံ့ပြန်ပြောကြားသည်။

စင်တင်ဘာလ ၂ ရက်နေ့မှစတင်ကာ တက္ကသိုလ်ပင်မဆောင်ရှေ့တွင် သပိတ်မှောက်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းမှစတင်ကာ သပိတ်စခန်းဖွင့်၍ စက်တင်ဘာလ ၄ ရက်နေ့တွင် ကျောင်းတွင်း ဘာသာရပ်ဆိုင်ရာ ဌာနများသို့ သွားရောက်ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

“ကျွန်မတို့ တောင်းဆိုချက်တွေ မရမချင်း ဆက်ပြီးတိုက်နေရမှာပါ”ဟု မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ မယမင်းသူက ပြောကြားထားသည်။

ကျောင်းသားများသပိတ်မှောက်မှုနှင့်ပတ်သက်ပြီး ညီနောင်ကျောင်းသားသမဂ္ဂများကလည်း သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ထားသည်။

ယင်း Food Court ကို ဩဂုတ်လပထမပတ်အတွင်းက ဖွင့်လှစ်ရန်ရှိသော်လည်း ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားခြင်းဖြစ်သည်။

M-01