News

POST TYPE

MANDALAY

ပြင်ဦးလွင်တိုက်ခိုက်မှု၌ စွပ်စွဲဖမ်းဆီးခံရသူ ကျောင်းဆရာနှစ်ဦးကို ဆက်သွယ်ရေးဥပဒေဖြင့် ထပ်အမှုဖွင့်
03-Sep-2019
မန္တလေး၊ စက်တင်ဘာ ၃

ဩဂုတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ဝင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ပရဟိတကျောင်းဆရာနှစ်ဦးကို တရားမဝင် ဆက်သွယ်ရေးစက်ကိုင်ဆောင်သည့်အတွက် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ပြင်စာရဲစခန်းထံမှ သိရသည်။

“စကားပြောစက် ကိုင်ဆောင်တဲ့အမှုအတွက်ကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ဖွင့်ထားပါတယ်။ အဲဒီပုဒ်မက အာမခံပေးရမယ့်အမှုဖြစ်တဲ့အတွက် အာမခံပေးထားပါတယ်ဗျ။ သူတို့ကိုစစ်ဆေးနေတဲ့ မူလအမှုကတော့ စစ်ဆေးလို့ကို မပြီးသေးဘူး။ ရဲဆီကိုလည်း မရောက်သေးပါဘူး”ဟု ယင်းအမှု၏ အမှုစစ်အရာရှိဖြစ်သည့် ဒုရဲအုပ်ရဲအောင်က ရှင်းပြသည်။

ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသည့်ပုဒ်မအတွက် အာမခံပေးထားသည်မှာ မှန်ကန်ပြီး စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက ပေးထားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူနှစ်ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း စိုင်းလျံဆင့်၏ဖခင်ဖြစ်သူ စိုင်းလှစောက ပြောဆိုသည်။

“အစကတော့ အကြမ်းဖက်မှုအတွက်ဆိုပြီး ဖမ်းဆီးစစ်ဆေးနေတာ။ ခုတော့ စကားပြောစက်တစ်လုံးတွေ့လို့ဆိုပြီး ဆက်သွယ်ရေးပုဒ်မနဲ့ ဖွင့်ထားတယ်။ အဲဒီအမှုအတွက် အာမခံရတယ်ဆိုပေမယ့် သူတို့စာရွက်စာတမ်းဖြည့်ရမှာဆိုတယ်။ ပြန်တော့ ရောက်မလာကြသေးပါဘူး။ အကြမ်းဖက်မှုနဲ့ပတ်သက်တာ မပေါ်ဘဲ ဆက်သွယ်ရေးပုဒ်မနဲ့ ဖွင့်တာကတော့ သူတို့လုပ်ချင်လို့လုပ်တာပါပဲ။ ဘာမှမပြောနိုင်ပါဘူး”ဟု စိုင်းလှစောက ဆိုသည်။

အသက် ၂၄ နှစ်အရွယ် စိုင်းလျံဆင့်နှင့် အသက် ၂၈ နှစ်အရွယ် စိုင်းခွန်မိုင်းဆိုသူ ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး ယင်းတို့နှစ်ဦးသည် ကွန်ဟိန်းမြို့မှ ရှမ်းပရဟိတကျောင်းတစ်ခုက ပရဟိတကျောင်းဆရာများဖြစ်ကြသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျည်ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့်အပြင် တိုးဂိတ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးစခန်း၊ ရဲကင်းစခန်းနှင့် ဂုတ်တွင်းတံတားတို့ကို မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သားနှစ်ဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် တပ်မတော်သား ၁၅ ဦးခန့် သေဆုံးခဲ့ရသည့်အပြင် ယင်းနေ့မှစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

M-04