News

POST TYPE

MANDALAY

ပုဂံဘုရား ၄၀ ကျော်၏ မြေငလျင်ဒဏ်ခံနိုင်ရည် ကြိုတင်ဆန်းစစ်မှု ပြီးဆုံး
01-Sep-2019

မန္တလေး၊ စက်တင်ဘာ ၁

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ထင်ရှားသည့် ဘုရားအဆူ ၄၀ ကျော်၏ မြေငလျင်ဒဏ်ခံနိုင်ရည် ကြိုတင်ဆန်းစစ် လေ့လာခြင်းလုပ်ငန်းများ ပြီးဆုံးပြီဖြစ်ကြောင်း Bagan Technical Experts Team ထံမှ သိရသည်။

ကြိုတင်ဆန်းစစ်လေ့လာခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇွန်လမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငလျင်နှင့်ပတ်သက်၍ ကြိုတင်ကြံ့ခိုင်မှုများ ပြုလုပ်နိုင်စေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားအဆူ ၄၀ ကျော်၏ မြေငလျင်အခြေပြဂရပ်များနှင့် အချက်အလက်ဆိုင်ရာ အစီရင်ခံစာကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ ဩဂုတ်လ ၃၀ ရက်နေ့က ပေးအပ်ခဲ့ကြောင်း Bagan Technical Experts Team အကြံပေး ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်က ပြောကြားသည်။

“ငလျင်ရဲ့ပြင်းထန်မှု များလား၊ မများလားပေါ့။ ကြိုတင်ခန့်မှန်းနိုင်တဲ့ဂရပ်ပေါ့။ ဒီဂရပ်တွေကိုကြည့်ပြီးတော့ ဘုရားအနီးအနား ဘုရားတွေကိုလည်း မြေငလျင် ဘယ်လောက်လာရင် ဘယ်လိုဖြစ်ပျက်မယ်ဆိုတာ မြို့ပြအင်ဂျင်နီယာ တွက်ချက်မှုတွေနဲ့ ဆက်ပြီးတော့ တွက်ချက်ရဦးမှာဖြစ်ပါတယ်။ တွက်ချက်ပြီးမှ ဒီဘုရားတွေက ဘယ်နေရာကတော့ ခံနိုင်ရည်ရှိတယ်၊ ခံနိုင်ရည်မရှိဘူးဆိုတဲ့ ယူဆချက်တွေ ထွက်လာမယ်ပေါ့”ဟု ၎င်းကပြောဆိုသည်။

မြေငလျင်အခြေပြဂရပ်များနှင့် အချက်အလက်ရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လပိုင်းမှစတင်၍ မြေပြင်ကွင်းဆင်းတိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အာရှဒေသလုံးဆိုင်ရာ သဘာဝဘေးဆိုင်ရာ (ငလျင်) သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသော (EOS) မှ ပညာရှင်များက အထောက်အကူပြုသင်တန်း ပို့ချပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရား၊ စေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးခဲ့သည့် ဘုရားများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးအဖြစ် အဆင့်ခွဲခြားသတ်မှတ်၍ ပြုပြင်ထိန်းသိမ်မှုများ ပြုလုပ်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

M-05