News

POST TYPE

MANDALAY

မနူဟာဘုရား အရုပ်သွင်းပွဲတွင် စပီကာအရွယ်အစား ကန့်သတ်
31-Aug-2019

မန္တလေး၊ ဩဂုတ် ၃၁

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ထင်ရှားသည့် ဘုရားပွဲတော်တစ်ခုဖြစ်သည့် မနူဟာဘုရားပွဲတော် အရုပ်သွင်းပွဲတွင် စပီကာအရွယ်အစားများကို ကန့်သတ်လိုက်ကြောင်း မနူဟာဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မနူဟာဘုရားပွဲကို ရှေးယခင်ကတည်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး မနူဟာဘုရားပွဲတွင် အရုပ်သွင်းပွဲကို အစဉ်အလာအရ ထည့်သွင်းကျင်းပကြောင်း၊ အရုပ်သွင်း ပွဲတွင်ဖွင့်သည့် စပီကာအသံများကြောင့် အများပြည်သူ ဆူညံမှုသက်သာစေရန် ကန့်သတ်ရခြင်းဖြစ်ကြောင်း မနူဟာဘုရား ဂေါပကအဖွဲ့ဝင် ဦးမောင်ပိုက်က ပြောကြားသည်။

“နားတွေ တအားဆူလွန်းတော့လည်း ပြည်သူတွေအချို့က နားတွေမခံနိုင်ဘူး။ အဲဒီအတွက်ကြောင့် ဒီနှစ်တော့ ၁၅ လက်မ နှစ်စုံပဲ အသုံးပြုဖို့ ဩဝါဒခံယူပြီးတော့ ရပ်ကွက်တွေ ညှိနှိုင်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက တအားကြီး ဆူညံလာတဲ့အတွက် ကန့်သတ်ရခြင်းဖြစ်ပါတယ်။ နားလည်း သက်သာအောင်၊ ဘုရားပွဲလည်း စည်ကားအောင်ပေါ့”ဟု ၎င်းကပြောဆိုသည်။

မနူဟာဘုရားသည် မြင်းကပါရပ်တွင်တည်ရှိပြီး ဘုရားပွဲတော်ကို တော်သလင်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် ၁ ရက်နေ့အထိ ကျင်းပကြောင်း၊ အရုပ်သွင်းပွဲကို လဆန်း ၁၄ ရက်တစ်ရက်တည်းသာကျင်းပပြီး ခန့်မှန်းအရုပ် ၃၀ ခန့် ပါဝင်လေ့ရှိသည်။

အနီးဝန်းကျင်ရှိ ဖွားစော၊ မင်းနန်သူ၊ ကံနီပေါက်၊ ကျောက်ကန်၊ ကျွန်းသီရိအစရှိသည့် ကျေးရွာများမှ လာရောက်ကြပြီး ဒေသထွက် စားသောက်ဖွယ်ရာများနှင့် ဒေသထွက်ကုန်များ ခင်းကျင်းရောင်းချကြကြောင်း၊ နိုင်ငံခြားခရီးသွားဧည့်သည်များ စိတ်ဝင်စားစွာ လာရောက်ဆင်နွှဲလေ့ရှိသော ဘုရားပွဲတော်ကြီးဖြစ်ကြောင်း ဒေသခံအချို့က ပြောကြားသည်။

မနူဟာဘုရားသည် မြင်းကပါတွင်ရှိသည့် ဂူဘုရားများအနက် အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်ပြီး မနူဟာဂူဘုရားကို မနူဟာမင်းက တည်ထားခဲ့ကာ ဂူဘုရားနှင့် ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်သုံးဆူ၊ လျောင်းတော်မူ ရုပ်ပွားတော်တစ်ဆူတို့ကို ခြောက်လနှင့် ခြောက်ရက်အတွင်း တည်ဆောက်ခဲ့ကြောင်း၊ ဘုရားစတင်တည်သည့်ရက်သည် မြန်မာသက္ကရာဇ် ၄၂၉ ခုနှစ် ဝါခေါင်လဆန်း ၂ ရက်၊ (ခရစ်နှစ် ၁၀၆၇ ခုနှစ် ဩဂုတ် ၁၅ ရက်) ဖြစ်၍ ခရစ်နှစ် ၁၀၆၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

M-05