News

POST TYPE

MANDALAY

ပြင်ဦးလွင်မြို့ တိုက်ခိုက်ခံရပြီးနောက် ခရီးသွားလုပ်ငန်းထိခိုက်
27-Aug-2019

မန္တလေး၊ ဩဂုတ် ၂၇

ပြည်တွင်းပြည်ပခရီးသွား အများအပြား လာရောက်လည်ပတ်ရာ ပြင်ဦးလွင်မြို့တွင် ဩဂုတ်လ ၁၅ ရက်နေ့က ပစ်ခတ်ခံရမှုများဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဟိုတယ်လုပ်ငန်းအပါအဝင် လုပ်ငန်းအများစုထိခိုက်ပြီး ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာလည်း လျော့နည်းသွားကြောင်း ပြင်ဦးလွင်မြို့ရှိ လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများက ပြောကြားသည်။

ပြင်ဦးလွင်မြို့၊ တိုင်းရင်းသားကျေးရွာ National Landmark တွင် ဩဂုတ် လ ၂၇ ရက်နေ့က ပြုလုပ်သော ပြင်ဦးလွင်မြို့၏ လက်ရှိပကတိ လုံခြုံမှုရှိခြင်းနှင့် အေးချမ်းသာယာမှုအပေါ် အများပြည်သူများက စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်ခြင်းအပေါ် ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့က ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မြို့ရဲ့အခြေအနေမှန်ကို နိုင်ငံသား အားလုံးသိရှိအောင် သတင်းစာရှင်းလင်းပွဲ လုပ်ရတာဖြစ်တယ်”ဟု အာရှအလင်းရောင် ဆရာတော် ဦးစိန္တိတက မိန့်ကြားသည်။

ပြင်ဦးလွင်မြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်တလင်းကဲ့သို့ဖြစ်နေသယောင် ကောလာဟလများ ထွက်ပေါ်နေသည့်အတွက် ခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းလာပြီး တက္ကစီသမားမှ ဟိုတယ်လုပ်ငန်းရှင်အထိ စီးပွားရေးလုပ်ငန်းကျဆင်းလာကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးကိုကြီးက ပြောကြားသည်။

“ဧည့်သည်တွေအနေနဲ့ ပြင်ဦးလွင်မြို့ကို အေးအေးချမ်းချမ်း လာရောက်လည်ပတ်နိုင်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ပြင်ဦးလွင်မြို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် မိုးတွင်းကာလဆိုပါက အဝင်နည်းသည်မှာ ပုံမှန်ဖြစ်သော်လည်း ယခုကဲ့သို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ၁၀ ရာခိုင်နှုန်းခန့်သာ ဝင်ရောက်မှုရှိတော့ကြောင်း ပြင်ဦးလွင်မြို့ မြနန်းတော်ဟိုတယ်လုပ်ငန်းရှင် ဦးဝေဠုက သုံးသပ်ပြောကြားသည်။

ဩဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်ကို ပစ်ခတ်မှုသည် ယင်းနည်းပညာတက္ကသိုလ်ကို ပစ်ခတ်ခြင်းမဟုတ်ဘဲ မေမြို့ (ပြင်ဦးလွင်) ၏ စီးပွားရေးကိုပစ်ခတ်ခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြင်ဦးလွင်မြို့တွင် ဟိုတယ်ပေါင်း ၆၀၊ တည်းခိုခန်းပေါင်း ၁၂၀ ၊ အခန်းပေါင်း ၄၀၀၀ ခန့်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

“တိုက်ခိုက်မှုနောက်ပိုင်းပုံမှန် အတိုင်းပါပဲ။ သေနတ်သံ မပြောနဲ့ ဗြောက်ဖောက်သံတောင် မရှိပါဘူး။ မြို့ဟာလုံခြုံတယ်။ အေးချမ်းတယ်။ စိတ်ချလက်ချ လာရောက်လည်ပတ်နိုင်ပါတယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် ဩဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ နေရာတွင် တိုက်ခိုက်မှုများ တစ်ပြိုင်နက်တည်းပြုလုပ်ခဲ့ရာ တပ်မတော်သား၊ ရဲအရာရှိနှင့် အရပ်သား စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ရသည်။ 

M-01