News

POST TYPE

MANDALAY

ပဋိပက္ခဖြစ်ခဲ့သည့် မလှိုင်ရွှေပေါ်ကျွန်းကျောင်းတိုက်ကို သံဃနာယကအဖွဲ့ ထိန်းသိမ်း
14-Jul-2019

မန္တလေး၊ ဇူလိုင် ၁၄

ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံရွာသားအချို့ ပဋိပက္ခဖြစ်ပွားခဲ့သည့် မလှိုင် မြို့နယ်၊ ရေငံအုပ်စုရှိ ရွှေပေါ်ကျွန်း စေတော်ဝင်ကျောင်းတိုက်ကို ယခုအခါရဲတပ်ဖွဲ့က လုံခြုံရေးပေးထားပြီး သံဃနာယက အဖွဲ့ကလည်း ယာယီထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း ယင်းမြို့နယ် သံဃနာယကအဖွဲ့ထံမှ သိရသည်။

မြို့နယ်သံဃနာယကအဖွဲ့နှင့် ရပ်ကျေးသံဃနာယကအဖွဲ့တို့မှ သံဃာ ၂ ပါးစီ၊ တစ်နေ့လျှင် စုစုပေါင်း ၄ ပါးတို့က တာဝန်ယူကာ ဝါမဆိုမီ (ဝါဆိုလပြည့်မတိုင်မီ) အထိ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း မလှိုင်မြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အရှင်မာဃိန္ဒက မိန့်ကြားသည်။

ရွှေပေါ်ကျွန်းဆရာတော်ကြီး၏မေတ္တာရိပ်မှာနေ၍ ရွှေပေါ်ကျွန်းသာသနာကို အေးအေးချမ်းချမ်းဖြစ်စေချင်ကြောင်း ၎င်းက ဆက်လက်မိန့်ကြားသည်။

အဆိုပါကျောင်းတိုက်တွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်က ရွာသားများနှင့် ကျောင်းထိုင်ဆရာတော်တို့အကြား ဖြစ်ပွားခဲ့သောပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူများကို အမှုဖွင့်အရေးယူထားကြောင်း၊ လက်ရှိတွင် ကျောင်းတိုက်အတွင်း၌ နယ်မြေအေးချမ်းရေးအတွက် လုံခြုံရေးရယူပေးထားကြောင်း မလှိုင်မြို့နယ်၊ ရွှေပေါ်ကျွန်းရဲစခန်းမှူး ရဲအုပ်အေးမင်းက ပြောကြားသည်။

ယင်းပဋိပက္ခတွင်ပါဝင်သော ဦးထွန်းဦး အပါအဝင် ၁၂ ဦး၊ အမည်မသိ အမျိုးသား ၅၀ ဦး၊ အမည်မသိ အမျိုးသမီး ၅၀ ဦးတို့ကို မလှိုင်မြို့မရဲစခန်းတွင် (ပ) ၃၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၄၂၊ ၃၃၆၊ ၃၂၅၊ ၃၂၃၊ ၂၉၅၊ ၄၂၇၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။

ထို့ပြင် ကျောင်းတိုက်အတွင်း အခြေအနေ တည်ငြိမ်အေးချမ်းသည်အထိ လုံခြုံရေးကို ရယူပေးမည်ဖြစ်ကြောင်း မလှိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၁၂ ရက်နေ့က ဒေသခံရွာသားအချို့က ရွှေပေါ်ကျွန်း စေတော်ဝင်ကျောင်းတိုက်အတွင်း ဝင်ရောက်ကာ ကျောင်းတိုက်မှ နာယကဆရာတော် ဦးကုမာရကို ရိုက်နှက်ခဲ့သဖြင့် ကျောင်းဝင်းအတွင်းနေထိုင်သူများနှင့် ပဋိပက္ခဖြစ်ပြီး မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က လာရောက်ထိန်းသိမ်းခဲ့ရသည်။

ဖြစ်စဉ်မှာ ရွှေပေါ်ကျွန်းကျောင်း ဆရာတော် ဦးကုမာရကို ရွှေပေါ်ကျွန်းကျောင်းတွင် ယခုနှစ်ဝါဆိုရန် ကျေးရွာသားများက ခွင့်မပြုဘဲ လိုချင်သည့်ပစ္စည်းများယူ၍ထွက်ခွာသွားရန် ပြောဆိုထားခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခေါင်းဆောင်အချို့က ဝါဆိုမည့်ကိစ္စနှင့်ပတ်သက်ပြီး အထက်ဌာနသို့ စာတင်ထားသည့်အတွက် အချိန်တစ်ခုစောင့်ပေးရန် ဥပဒေနှင့်အညီလုပ်ရန် စည်းရုံးပြောဆိုထားသော်လည်းမရရှိဘဲ ယင်းနေ့နံနက်၌ ကျေးရွာအနီးဝန်းကျင်ရှိ ရွာသား ၁၀၀ ဝန်းကျင်ခန့်က ကျောင်းတံခါးကို ဖျက်ဆီးဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးကုမာရအား ရိုက်နှက်ပြီး လူဝတ်လဲ၍ ကျောင်းအတွင်း ထိန်းသိမ်းထားကြောင်း၊ ယင်းနောက် ကျောင်းဝင်းအတွင်း နေထိုင်သူများနှင့် အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းအရ သိရသည်။

အဆိုပါပဋိပက္ခဖြစ်စဉ်တွင် ရွှေပေါ်ကျွန်းကျောင်းဆရာတော်မှာ ဒဏ်ရာများရရှိခဲ့သဖြင့် မလှိုင်ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး လက်ရှိအချိန်အထိ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

“လူဝတ်လဲတယ်ဆိုတာ အတင်းအဓမ္မလုပ်တဲ့သဘောပေါ့။ သင်္ကန်းချွတ်လိုက်ရုံနဲ့ လူဖြစ်သွားတာ မဟုတ်ဘူး။ နိုင်ထက်စီးနင်းလုပ်တဲ့ပုံစံမျိုး။ ကျောင်းထဲမှာ လက်ရှိအခြေအနေက အေးအေးဆေးဆေးပါပဲ။ ရဲတပ်ဖွဲ့ဝင်တွေရှိပါတယ်”ဟု မိတ္ထီလာခရိုင်၊ သာသနာရေးမှူး ဦးကိုကိုအောင်က ပြောဆိုသည်။

လက်ရှိ ဦးစီးနာယက ဆရာတော်သည် စေတော်ဝင်ရွှေပေါ်ကျွန်းသာသနာပြုစခန်း တည်ထောင်ခဲ့သော ရွှေပေါ်ကျွန်းဆရာတော် အရှင်ဇေယျသိဒ္ဓိ ဓမ္မဉာဏိက ပျံလွန်တော်မူပြီးနောက် ၁၉၉၉ ခုနှစ်မှစတင်၍ သီတင်းသုံးနေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

M-01/ R-01