News

POST TYPE

MANDALAY

အင်းဝမြို့ဟောင်းတွင် ရေဝင်သဖြင့် နိုင်ငံခြား ခရီးသွားများ အခက်တွေ့
29-Jul-2016 tagged as အင်းဝ

မန္တလေး၊ ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းဒေသ အတွင်းရှိ ကျေးရွာအချို့တွင် ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီ မြစ်ရေများမှာ နိုင်ငံခြားသားများ ဝင်ထွက်သွားလာရာ အိုးတုတ္တန်း မြင်းလှည်းဂိတ်ထိပါ ရောက်ရှိနေသဖြင့် ခရီးသွားများ အခက်တွေ့နေကြောင်း ဒေသခံနှင့် ဧည့်လမ်းညွှန် အချို့ထံမှ သိရှိရသည်။

အိုးတုတ္တန်း မြင်းလှည်းဂိတ်သို့ မြစ်တစ်ဖက်ကမ်းမှ စက်လှေဖြင့် လာရောက်ကြပြီး ယင်းဂိတ်တစ်မိုင်ခန့်အထိ ရေသုံးပေခန့် ရောက်ရှိနေသဖြင့် မြင်းလှည်းများ သွားလာ၍ မရဘဲ လှေများဖြင့် ကြိုပေးနေရကြောင်း မြင်းလှည်းမောင်းသူများက ဆိုကြသည်။

“လှေခကိုတော့ စေတနာ ရှိသလောက်ပဲ ယူပါတယ်။ မြင်းလှည်းတွေက စက်လှေဆိပ်အထိ သွားလို့ မရတော့ ဧည့်သည်တွေအတွက် ဒုက္ခရောက်တယ်။ ရေထဲကနေ စွန့်စားပြီး သွားနေကြရတယ်။ တချို့ဆို ချော်လဲတာတွေ ရှိတယ်။ သူတို့အနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာ မသိပေမယ့် ကျွန်တော်တို့ကတော့ ဒါမျိုးမဖြစ်စေချင်ဘူး” ဟု ဒေသခံ မြင်းလှည်းမောင်းနှင်သူ ကိုခန့်ဇင်ထွန်းက ပြောကြားသည်။

စက်လှေဆိပ်ကို အင်းဝအရှေ့ မြို့ရိုးဘက်နှင့် နန်းမတော်မယ်နု အုတ်ကျောင်းတို့တွင် ဆိုက်ကပ်၍ ရသော်လည်း စက်လှေလေလံအောင်သူနှင့် ညှိနှိုင်း၍ မရသဖြင့် ယင်းကဲ့သို့ ဖြစ်နေခြင်း ဖြစ်ကြောင်း ဒေသခံ မြင်းလှည်းမောင်းနှင်သူတို့က ဆိုကြသည်။

“လှေသမားတွေနဲ့ မြင်းလှည်းတွေနဲ့ ညှိနှိုင်းလုပ်ကိုင်သင့်တယ်။ အခုကျတော့ ကိုယ့်ဘာသာ လမ်းလျှောက်နေရတယ်။ အဆင်မပြေမှုလေးတွေပေါ့။ အသက်ကြီးတဲ့ ၇၀၊ ၈၀ အရွယ်တွေဆို မလွယ်ဘူး” ဟု ပြင်သစ်ဧည့်လမ်းညွှန် ကိုကျော်ကျော်လွင်က ဆိုသည်။

ခရီးသွားများ အန္တရာယ်ကင်းစေရန်အတွက် လိုက်လံစောင့်ရှောက်မှုများ ပေးနေပြီး မည်သည့်ထိခိုက်မှုမျိုးမှ မရှိသေးကြောင်း ခရီးသွားများကို လိုက်လံစောင့်ရှောက်ပေးနေသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရဲတပ်ဖွဲ့ (Tourism Police) အရာရှိတစ်ဦးက ပြောသည်။

လက်ရှိ အင်းဝဒေသသို့ တစ်ရက်လျှင် ခရီးသွား ၈၀ ဦးခန့် ဝင်ရောက်မှု ရှိနေပြီး ၎င်းတို့သွားရောက်သည့် နန်းမတော်မယ်နု အုတ်ကျောင်း၊ ဗားကရာကျောင်းတိုက်၊ နန်းမြင့်မျှော်စင်၊ ရတနာဆီမီးဘုရား စသည့် နေရာများသို့ ရေဝင်ရောက်မှု မရှိသေးကြောင်း ဒေသခံတို့က ဆိုသည်။

ဇူလိုင်လ စတုတ္ထပတ်အတွင်း မြစ်ရေတက်မှုများကြောင့် တံတားဦးမြို့နယ်အတွင်း ကျေးရွာအချို့တွင် ရေဝင်ရောက်နေပြီး နေအိမ်အချို့လည်း ပြောင်းရွှေ့နေထိုင်နေရကြောင်း ဒေသခံတို့ထံမှ ထပ်မံသိရှိရသည်။