News

POST TYPE

MANDALAY

ယာဉ်တိုက်မှုကြောင့် ဗန်းမော် ကွန်ပျူတာတက္ကသိုလ်ကျောင်းသား သေဆုံးမှု နိုင်ငံတော်သမ္မတထံ တိုင်ကြား
09-Jul-2019
မန္တလေး၊ ဇူလိုင် ၉

ကချင်ပြည်နယ်၊ မန်စီမြို့၊ အမှတ် (၃၁၉) ခြေလျင်တပ်ရင်းရှေ့တွင် အဆိုပါတပ်မှ တပ်မတော်အရာရှိတစ်ဦး မောင်းနှင်လာသော ကားနှင့်တိုက်မိရာမှ သေဆုံးခဲ့သည့် ဗန်းမော်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားအမှု ကြန့်ကြာနေသည့်ကိစ္စ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး အပါအဝင် သက်ဆိုင်ရာဌာနများထံသို့ ဇူလိုင်လ ၈ ရက်နေ့က တိုင်ကြားစာ ပေးပို့ထားကြောင်း သေဆုံးသူ၏မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့်မေလ ၁၃ ရက်နေ့က အမှတ် (၃၁၉) ခြေလျင်တပ်ရင်းရှေ့ရှိ ဗန်းမော်- မန်စီကားလမ်းတွင် ဗန်းမော် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား မောင်မင်းခန့်ကျော်သည် ဆိုင်ကယ်စီးနင်းလာစဉ် ယင်းတပ်ရင်းအတွင်းမှ လမ်းပေါ်သို့ထွက်လာသည့် ဗိုလ်မှူးဇော်မင်းလတ် (ခလရ-၃၁၉) မန်စီမြို့ မောင်းနှင်လာသည့် ပါဂျဲရိုးကားက တိုက်မိခဲ့ခြင်းဖြစ်ပြီး မောင်မင်းခန့်ကျော်မှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

“သေဆုံးတာ ကြာပြီဖြစ်ပေမယ့် အမှုကြန့်ကြာနေတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ စစ်ဥပဒေအရအပြင် အရပ်ဘက်တရားရုံးမှာလည်း တရားမျှတစွာဖြစ်စေချင်ပါတယ်”ဟု သေဆုံးသူ၏ဖခင် ဦးကျော်ကျော်လင်းက ပြောဆိုသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး တရားမျှတစွာ တရားစီရင်နိုင်ရေးအတွက် ဇူလိုင်လ ၉ ရက်နေ့တွင် ကာယကံရှင် မိသားစုက မန္တလေးမြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဗန်းမော်ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသား မောင်မင်းခန့်ကျော်မှာ မေလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က အမှတ် (၃၁၉) ခြေလျင်တပ်ရင်းရှေ့ရှိ ဗန်းမော်-မန်စီကားလမ်းတွင် ဆိုင်ကယ်စီးနင်းသွားချိန်၌ တပ်ရင်းအတွင်းမှ လမ်းပေါ်ထွက်လာသော ပါဂျဲရိုးကားမှ စည်းကမ်းမဲ့တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မောင်မင်းခန့်ကျော်ကို မန်စီဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသည်းကြေမွသွားသဖြင့် ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ဆေးရုံ၌ကွယ်လွန်ခဲ့ကြောင်း သေဆုံးသူမိသားစု၏ နိုင်ငံတော်သမ္မတရုံးထံ တိုင်ကြားစာအရ သိရသည်။

ယင်းယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး မန်စီရဲစခန်းတွင် ယာဉ် (ပ) / ၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၃၇၊ ၃၃၀၊ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားသည်။

အဆိုပါယာဉ်တိုက်မှုတွင် လူသေဆုံးမှုနှင့်ပတ်သက်၍ မန်စီမြို့၊ ခလရ (၃၁၉) မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဇော်မင်းလတ်ကို တပ်မတော်၏ စည်းမျဉ်းစည်းကမ်းများအရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း မိုးမိတ်မြို့အခြေစိုက် စစ်ဗျူဟာမှူးရုံး၊ ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးဖြိုးမင်းဝင်းက ပြောကြားသည်။

M-01