News

POST TYPE

MANDALAY

အောင်သပြေရွာသား ဦးထွန်းမြင့်ဝင်း သေဆုံးမှု လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်
08-Jul-2019

မန္တလေး၊ ဇူလိုင် ၇

အကျဉ်းထောင်အတွင်း ချုပ်နှောင်ခံထားရစဉ် သေဆုံးသွားခဲ့သည့် ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှ ဦးထွန်းမြင့်ဝင်းအမှုကို လူသတ်မှုပုဒ်မဖြင့် ဇူလိုင်လ ၆ ရက်နေ့က ပြောင်းလဲဖွင့်လှစ်လိုက်ကြောင်း အမှုဖွင့်ထားရာ အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးညွန့်က အတည်ပြု ပြောကြားသည်။

အောင်သပြေကျေးရွာအနီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အယ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ဆန္ဒပြရာမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးခံရသည့် ဦးထွန်းမြင့်ဝင်းသည် ရဲစခန်းအချုပ်နှင့် အိုးဘိုအကျဉ်းထောင်တွင် သုံးရက်ကြာ ချုပ်နှောင်ခံရပြီး ဇွန်လ ၅ ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်။

“လူသတ်မှုနဲ့ပြောင်းဖွင့်လိုက်တာတော့ ဟုတ်ပါတယ်။ အခုလက်ရှိမှာတော့ ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာမျိုး စွပ်စွဲထားတာမျိုးတော့ မရှိသေးဘူး။ ဒီအမှုနဲ့ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှာဖြစ်တဲ့အတွက် ကျန်တာတွေ ဘာမှပြောလို့မရသေးဘူး”ဟု ရဲအုပ် မျိုးညွန့်က ရှင်းပြပြောဆိုသည်။

ရဲတပ်ဖွဲ့နှင့် ဒေသခံတို့၏ အဆိုပါပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဦးထွန်းမြင့်ဝင်း (ခ) ကိုထွန်း ၃၈ နှစ်ကို ရာဇသတ်ကြီးပုဒ်မ ၄၃၆/ ၄၄၀/ ၃၃၆/ ၁၁၄ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

သေဆုံးစဉ်တွင် အကျဉ်းထောင် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က အရက်ကြောင်ခြင်း၊ ဖျားနာခြင်းတို့ကြောင့် သေဆုံးသည်ဟု ထုတ်ပြန်ခဲ့သော်လည်း သေဆုံးသူ၏ခန္ဓာကိုယ်တွင် ပွန်းပဲ့၊ ပေါက်ပြဲ၊ ပြတ်ရှနှင့် ညိုမည်းဒဏ်ရာများစွာကို တွေ့ရှိခဲ့ရသည်ဟု မိသားစုကပြောကြားသဖြင့် အကျဉ်းဦးစီးဌာနက သေဆုံးမှုကို စစ်ဆေးမည်ဖြစ်ကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီး တစ်လအကြာတွင် ရုပ်အလောင်းကို စစ်ဆေးခဲ့သည့် စစ်ဆေးမှုရလဒ်ထွက်ပေါ်လာခဲ့ရာ လည်ပင်း၌ တွေ့ရှိခဲ့သည့် ပြတ်ရှဒဏ်ရာကြောင့် ဦးနှောက်အမြှေးပါးအောက် သွေးလွန်ပြီး ဦးနှောက်ပိညှပ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရင်ခွဲစစ်ဆေးရေးအဖွဲ့က မှတ်ချက်ပြုသည့်အတွက် လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဦးထွန်းမြင့်ဝင်းသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသော်လည်း ယင်းအဖွဲ့၏ စုံစမ်းစစ်ဆေးနေမှုမှာ မပြီးပြတ်သေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“စုံစမ်းမှုကမပြီးသေးဘူးလို့သိရပါတယ်။ ကျွန်တော်တို့အကျဉ်းဦးစီးဆီကိုလည်း မရောက်သေးပါဘူး။ လတ်တလောမှာ ဥပဒေအကြံပေးတင်ထားတယ်လို့လည်း သိရပါတယ်။ ရက်ပိုင်းအတွင်းမှာ အဲဒီအဖွဲ့ရဲ့ အဖြေရရှိမယ်လို့လည်း သိထားပါတယ်”ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောဆိုသည်။

အောင်သပြေကျေးရွာအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှု အုပ်စုကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းထားသည့် Myanmar Conch Cement Company Ltd. က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဒေသခံများအနေနှင့်ကန့်ကွက်လျက်ရှိပြီး စီမံကိန်းရပ်ဆိုင်းရေး၊ အောင်သပြေကျေးရွာဒေသခံများကို စွဲဆိုထားသည့်အမှုများဖြေလျှော့ရေး၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်း ရပ်ဆိုင်းရေး စသည့်အချက်များကို တောင်းဆိုထားသည်။

ယင်းသို့တောင်းဆိုစဉ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၊ ထွေ/အုပ်၊ လမ်းတံတားဦးစီးဌာနနှင့် ကုမ္ပဏီဘက်က ဒေသခံ ၄၂ ဦးခန့်ကို ပုဒ်မများတပ်ကာ အမှုဖွင့်ထားပြီး ဒေသခံအချို့မှာလည်း ဖမ်းဆီးခြင်းခံထားရသည်။

M-04