News

POST TYPE

MANDALAY

ပုဂံယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုသတ်မှတ်
07-Jul-2019


မန္တလေး၊ ဇူလိုင် ၆

မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေပုဂံကို ကမ္ဘာ့အမွေအနှစ်နေရာဒေသအဖြစ် ယူနက်စကိုကသတ်မှတ်ကြောင်း ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးသို့ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ထံမှ သိရှိရသည်။ 

ကမ္ဘာ့အမွေအနှစ်အဖြစ် ယင်းကော်မတီအဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံက ဇူလိုင် ၆ ရက်တွင် မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။ 

ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးကို ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်ဖြစ်ရန် စံ (၁၀) ချက်အနက် အနည်းဆုံး စံသတ်မှတ်ချက်နှစ်ခုဖြင့် သက်သေပြနိုင်ရန်လိုအပ်ပြီး ပုဂံဒေသအနေနှင့် စံ(၃) အေဒီ ၁၁-၁၃ ရာစုအတွင်း ပုဂံမြို့ပြယဉ်ကျေးမှု အထွတ်အထိပ်ရောက်ခဲ့ခြင်း၊ ဗုဒ္ဓဘာသာကောင်းမှုဓလေ့များ၊ ယဉ်ကျေးမှုပြယုဂ်များသည် ထင်ရှားသက်သေဖြင့်ကိုက်ညီခဲ့သည်။ 

ထို့ပြင် စံ(၄) လူ့ဘောင်သမိုင်း ပြောင်းလဲမှုအဆင့်ဆင့်ကို ဖော်ပြသည့် အဆောက်အအုံ၊ ဗိသုကာနှင့် နည်းပညာတို့ ပေါင်းစည်းသည့် အဆောက်အအုံ၊ မြေယာရှုခင်းပုံဖော်ထားမှုတို့အဖြစ် အေဒီ ၁၁-၁၃ ရာစုရှိ ဗုဒ္ဓဘာသာဆိုင်ရာ ဗိသုကာလက်ရာများဖြင့် သက်သေပြနိုင်ခဲ့ခြင်းဖြစ်သည်။ 

စံ (၆) တိကျ၊ သေချာမှုရှိသည့် အထောက်အထားများပြသနိုင်ပြီး ထူးခြားထင်ရှားသောရိုးရာဓလေ့၊ အတွေးအခေါ်၊ ယုံကြည်မှု၊ အနုပညာလက်ရာနှင့် စာပေဆိုင်ရာလက်ရာများအဖြစ် ဗုဒ္ဓဘာသာ၏အလေ့အထ ကုသိုလ်ပြုခြင်း၊ လှူဒါန်းခြင်းတို့သည် ယနေ့တိုင် ရှင်သန်နေမှုရှိနေမှုတို့ဖြင့် သက်သေပြနိုင်ခဲ့ခြင်းဖြစ်သည်။ 

ယခု ကမ္ဘာ့အမွေအနှစ်သတ်မှတ်လိုက်သော်လည်း လုပ်ငန်းစဉ်ကြီးတစ်ခုလုံး၏ အဆုံးသတ်မဟုတ်သေးဘဲ စိန်ခေါ်မှုများဖြင့် ယခုမှခရီးစတင်ရမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင်အချို့က သတိပေးပြောဆိုသည်။

ကမ္ဘာ့အမွေအနှစ်ဖြစ်၍ ကမ္ဘာ့အဆင့်ထိန်းသိမ်းစောင့်ရှောက်မှု၊ စီမံခန့်ခွဲမှု၊ ကာကွယ်မှုများဖြစ်ရန် ယခုမှခရီးအစဖြစ်ကြောင်း မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာရှင်များအသင်း အတွင်းရေးမှူး ဦးသူရအောင်က ပြောကြားသည်။

ကမ္ဘာ့အမွေအနှစ်သတ်မှတ်ခံရ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမည်ဖြစ်၍ နိုင်ငံခြားဝင်ငွေရရှိမှု၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားများထံမှ ဒေသခံများဝင်ငွေပိုရခြင်း စသည့်အကျိုးရှိမည်ဖြစ်ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် ရှေးဟောင်းအဆောက်အအုံများ၊ ဒြပ်ရှိ၊ ဒြပ်မဲ့အမွေအနှစ်များနှင့် ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်ကို ကမ္ဘာ့အဆင့်မီ ပြည်ပပူးပေါင်းဆောင်ရွက်မှုများစသည့် အကျိုးများရရှိမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ကမ္ဘာ့အမွေအနှစ်သတ်မှတ်ခံရရန် ၁၉၉၆ ခုနှစ်က ပထမအကြိမ်တင်သွင်းခဲ့သော်လည်း ဥပဒေပြု၍ထိန်းသိမ်းမှု မရှိခြင်း၊ စနစ်တကျစီမံခန့်ခွဲမှုမရှိခြင်း၊ တိကျသော နယ်မြေသတ်မှတ်ချက်မရှိခြင်းကြောင့် ပယ်ချခံခဲ့ရသည်။

ထို့နောက် ပုဂံဒေသနှင့်ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရှေးဟောင်းအဆောက်အအုံ၊ ဗိသုကာလက်ရာ၊ နံရံ ဆေးရေးပန်းချီ စသည့် အသေးစိတ်မှတ်တမ်းများ၊ လုပ်ငန်းများကို ၂၀၁၄ မှစ၍ ပြန်လည်ပြင်ဆင်လုပ်ဆောင်ခဲ့သည်။

ယင်းနောက် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး အဆိုပြုစာတွဲမူကြမ်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာတွင်လည်းကောင်း၊ အဆိုပြုစာတွဲအပြည့်အစုံကို ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင်လည်းကောင်း ထပ်မံတင်ပြခဲ့သည်။ 

တင်ပြမှုများ မှန်၊ မမှန် နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာ ဒေသများကောင်စီအဖွဲ့က ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် လာရောက်အကဲဖြတ်ခဲ့ပြီး ယခုနှစ် မေလတွင် ကမ္ဘာ့အမွေအနှစ် သတ်မှတ်ရန် ထောက်ခံခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုးစသည့် ပျူမြို့ ဟောင်း ၃ မြို့သည် ၂၀၁၄ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံထားရပြီးဖြစ်သည်။

ထို့ပြင် မန္တလေးမြို့ ကုသိုလ်တော်ဘုရားကျောက်စားများ(၂၀၁၃)၊ ပုဂံမြို့ မြစေတီကျောက်(၂၀၁၅)၊ ရွှေစည်းခုံရင်ပြင် ဘုရင့်နောင်ခေါင်းလောင်စာ (၂၀၁၇) တို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ဖော်ပြပါခုနှစ်များတွင် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

M-05