News

POST TYPE

MANDALAY

မြနန်းစံကျော် ရွှေနန်းတော်ကို Historical Park အဖြစ် ဖော်ဆောင်မည်
04-Jul-2019

မန္တလေး၊ ဇူလိုင် ၄

မြန်မာဘုရင်များ နောက်ဆုံး နန်းစံခဲ့ရာ မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်ကို Historical Park အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။

Historical Park အဖြစ် အဆင့်တိုးမြှင့်ဖော်ဆောင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အဆင့်တိုးမြှင့်ပြုပြင်ခြင်းနှင့် ဝန်ဆောင်မှုပေး၍ ဝင်ကြေးငွေကောက်ခံခြင်းတို့အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။

“အစိုးရနဲ့ ပူးပေါင်းခေါ်တာ ဖြစ်ပါတယ်။ နိုင်ငံတော် ဘတ်ဂျက်တစ်ခုတည်းနဲ့ ပြုပြင်ထိန်းသိမ်းဖို့ဆိုတာ မလွယ်ဘူး။ ယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက်က ရန်ပုံငွေလည်းမကုန်ကျဘူးပေါ့။ ဖွံ့ဖြိုးတိုးတက်လာမယ်။ အခြားနိုင်ငံ ထိုင်း၊ ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေကို နမူနာယူပြီးတော့ Historical Park လုပ်မယ်ဆိုတော့ တင်ဒါခေါ်တာပါ”ဟု ၎င်းကဆိုသည်။

မြနန်းစံကျော် ရွှေနန်းတော်ကို Historical Park အဖြစ်ဖော်ဆောင်ရန် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က တင်ဒါခေါ်ခဲ့ဖူးသော်လည်း တင်ဒါမရွေးဖြစ်ခဲ့ကြောင်း၊ မည်သည့်ရက်တွင် စတင် လုပ်ဆောင်နိုင်မည်ကိုမပြောနိုင်သေးကြောင်း ဦးကျော်ဦးလွင်က ရှင်းပြသည်။

မြနန်းစံကျော် ရွှေနန်းတော်အား Historical Park အဖြစ် ဖော်ဆောင်ခြင်းများအပြင် တံတားဦးမြို့နယ် အင်းဝဒေသအား Archaeological Park အဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း၊ တင်ဒါခေါ်ရာတွင် ရွှေနန်းတော်နှင့် အင်းဝဒေသအား အဆင့်မြှင့်တင်ရာတွင် လိုက်နာရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အနှေးယာဉ်သွားလမ်းများနှင့် လူသွားလမ်းများဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ စိမ်းစိုသာယာ လှပရေးဆောင်ရွက်ခြင်း၊ နားနေရန်နေရာများ၊ Rest Camp နှင့် သန့်စင်ခန်းများ စနစ်တကျဆောက်လုပ်ခြင်းစသည့် လုပ်ငန်းများပါဝင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အိတ်ဖွင့်တင်ဒါ ကြေညာချက်အရ သိရသည်။ 

“တိုင်းအစိုးရနဲ့ လုပ်တာဆိုပေမယ့် တင်ဒါခေါ်တယ်ဆိုတာက စီးပွားရေး ဆန်သွားပြီး။ ကျုံးအတွင်းဘက်မှာလုပ်မယ်ဆိုတော့ သေချာစနစ်တကျလုပ်ဖို့တော့ လိုပါမယ်။ ကျုံးအတွင်းက ရှေးဟောင်းနယ်မြေကြီးပါ။ လုပ်တာကောင်းတယ်။ ကောင်းအောင်လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကပေါ့။ သို့သော်လည်း သေသေချာချာ စဉ်းစဉ်းစားစား လုပ်ဖို့လိုပါတယ်။ တင်ဒါခေါ်တယ်ဆိုတာက စီးပွားရေးဆန်သွားပြီ။ တင်ဒါလုပ်တဲ့သူကလည်း အမြတ်အစွန်းရမှလုပ်မှာလေ။ ဒါကထိန်းသိမ်းတဲ့ စောင့်ရှောက်တာလုပ်ရမှာ။ အန်ကယ်တို့ အမြင်ကတော့ လောလောနဲ့မလုပ်စေချင်ဘူး”ဟု သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောဆိုသည်။

မြနန်းစံကျော်ရွှေနန်းတော်ကို မင်းတုန်းမင်းကြီးက ၁၈၅၇ နှင့် ၁၈၅၉ ခုနှစ်တွင်တည်ခဲ့ပြီး နန်းဆောင် အတော်များများမှာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်များ၏ဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးခဲ့ပြီး နန်းဆောင်အနည်းငယ်နှင့် နန်းမြင့်မျှော်စင်သာ ကျန်ခဲ့သည်။

လက်ရှိနန်းတော်ကိုမူ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပြန်လည် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

M-05