News

POST TYPE

MANDALAY

မန္တလေးတွင် ကိုးနှစ်အရွယ် ကလေးငယ်ကို ခိုးယူပေါင်းသင်းမှုဖြစ်
04-Jul-2019

မန္တလေး၊ ဇူလိုင် ၃

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် ဆိပ်ကမ်း အလုပ်သမားတစ်ဦးက အသက်ကိုးနှစ် အရွယ်ကလေးငယ်ကို ခိုးယူပေါင်းသင်းကာ သားမယားပြုကျင့်ရန် အားထုတ်ခဲ့သည့်အတွက် ဇူလိုင်လ ၂ ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရွှေကြက်ယက်တိုက်နယ်၊ ကတ္တီပါကျေးရွာ မူလတန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော မိန်းကလေးကို အောင်အောင်ဆိုသူက ဇူလိုင် ၁ ရက်နေ့ ကျောင်းဆင်းချိန်တွင် ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ပြီး တစ်ညအတူအိပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည့် စာအရ သိရသည်။

“ကလေးရဲ့ အမေဆီမှာ ထမင်းစား နေကျဖြစ်တဲ့အတွက် ကလေးနဲ့က ရင်းနှီးနေတာ။ အဲလို ရင်းနှီးနေတော့ ကလေးကျောင်းဆင်းချိန်မှာ လာခေါ်တော့ ကလေးကလည်း လိုက်သွားတာပေါ့။ အဲ့ဒီမှာ ခုလိုဖြစ်တာပါ။ ခုချိန်အထိတော့ စစ်ဆေးနေတုန်းပဲ။ အမှုမြောက်၊ မမြောက်ကို ဆက်စစ်ရဦးမယ်”ဟု အမရပူရမြို့မရဲစခန်းမှ အရာရှိတစ်ဦးက ရှင်းပြသည်။

အသက် ၂၇ နှစ်အရွယ် အောင်အောင်က ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့ပြီး လူမရှိသည့် အဆောက်အအုံတစ်ခုအတွင်း ညအိပ်ကြစဉ် သားမယားပြုကျင့်ရန် အားထုတ်ခဲ့ကြောင်း စစ်ဆေးချက်များအရ သိရသည်။

ကလေးငယ်က အိမ်ပြန်ပို့ရန် တောင်းဆိုခဲ့ရာတွင် ချက်ချင်းပြန်မပို့နိုင်ဘဲ နောက်တစ်နေ့ နံနက်ပိုင်းတွင်မှ ပြန်လာပို့စဉ် ကလေးပျောက်ရှာနေသူများနှင့်တွေ့ပြီး ဖမ်းဆီးနိုင်ခဲ့ရာ ကလေးငယ် ခိုးယူသွားခဲ့သူ အောင်အောင်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမရပူရ မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားသည်။

M-04