News

POST TYPE

MANDALAY

စစ်ကိုင်းမြို့ကို စံပြမြို့အဖြစ် ဖော်ဆောင်မည်
29-Jun-2019
မန္တလေး၊ ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်းတိုင်းမြို့ကို One State One Township စီမံချက်အရ စံပြမြို့နယ်အဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

စစ်ကိုင်းမြို့တော်ခမ်းမတွင် ဇွန်လ ၂၈ ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ကိုင်းဟာ တိုင်းရဲ့ ဝင်ပေါက်ဖြစ်တဲ့အတွက် စီးပွားရေးတွေ တိုးတက်လာပါလိမ့်မယ်။ ခရီးသွားလုပ်ငန်းတွေ တိုးလာပါလိမ့်မယ်။SME တွေ တိုးတက်လာပါလိမ့်မယ်။ ကျွန်တော်တို့ အများကြီးကြိုးစားနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကလည်း "တစ်နိုင်ငံလုံးမှာ one state one township ဆိုပြီးတော့ စီမံချက်ရှိပါတယ်။ ကျနော်တို့ဆီမှာ စစ်ကိုင်းမြို့ကို အတည်ပြုပြီးပါပြီ" ဟု ပြောကြားသည်။

စစ်ကိုင်းမြို့ကို စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်အဖြစ် ပြန်လည်သတ်မှတ်ပေးနိုင်ရန် မြို့ခံတစ်ဦးက ယင်းလူထုတွေ့ဆုံပွဲတွင် မေးခွန်းမေးမြန်းသော်လည်း လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ယင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြန်လည်ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူထုတွေ့ဆုံပွဲများကို လက်ရှိတွင် ခရိုင်အလိုက် ဆောင်ရွက်နေပြီး အချိန်ရပါက မြို့နယ်အလိုက် တွေ့ဆုံပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

M-01