News

POST TYPE

MANDALAY

ပုဂံကို ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်/မဝင် ဇူလိုင်တွင် ဆုံးဖြတ်မည်
29-Jun-2019

မန္တလေး၊ ဇွန် ၂၉

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်/မဝင်ကို ဇူလိုင်လ ပထမပတ်အတွင်း ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ကသိရသည်။

ကမ္ဘာ့အမွေနှစ်ဝင်ရောက်နိုင်ရန်အတွက် အဆိုပြုစာတွဲကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလအတွင်းက ယူနက်စကိုအဖွဲ့ကြီးထံ တင်ပြထားခဲ့ပြီး ယခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့ထိ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့တွင် ကျင်းပပြုလုပ်မည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

''ရှေ့လဆန်း ပထမပတ်မှာ မြန်မာနိုင်ငံအကြောင်းပါလာလိမ့်မယ်။ ၂ ရက်နေ့ကနေ ၃ ရက်နေ့မှာက ကမ္ဘာ့အမွေအနှစ်ရပြီးသားဆိုဒ်တွေက ဘယ်လိုထိန်းသိမ်းထားသလဲဆိုတာတွေနဲ့ပတ်သက်ပြီး ရှင်းကြမယ်။ အသစ်တွေအတွက်ကတော့ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့မှာ ဆုံးဖြတ်မယ်။'' ဟု ဦးအောင်အောင်ကျော်က ပြောကြားသည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်၊ မဝင်နှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်နိုင်ငံ၌ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးကို တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဇွန်လ ၂၉ ရက်နေ့တွင် အဇာဘိုင်ဂျန်နိုင်ငံသို့ ထွက်ခွာသွာပြီးဖြစ်သည်။

M-05