News

POST TYPE

MANDALAY

ပုဂံရှိ ကုန်းဘောင်ခေတ်လက်ရာ နံရံဆေးရေးပန်းချီများကို ထိန်းသိမ်းရေးလုပ်
24-Jun-2019

ဓာတ်ပုံ - ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

မန္တလေး၊ ဇွန် ၂၃

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်းရှိ ကုန်းဘောင်ခေတ်လက်ရာ နံရံဆေးရေးပန်းချီများကို ကြံ့ခိုင်ထိန်း သိမ်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ဘုရားအမှတ် (၆၂) ပိဋကတ်တိုက် ရှိ နံရံဆေးရေးပန်းချီများကို ကြံ့ခိုင်စေရန် ထိန်းသိမ်းရေး လုပ်ဆောင်နေခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အဆောက်အအုံပိုင်းတွင် အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ပြီး နံရံဆေးရေးပန်းချီအချို့ ပြုတ်ကျခဲ့ရာ အရေးပေါ်ထိန်းသိမ်းခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အတွင်းပိုင်းအက်ကြောင်းများ ဖြည့်ခြင်း၊ နံရံဆေးရေးပန်းချီနှင့် အုတ်သားနံရံအကြား ကြံ့ခိုင်ဆေးရည်ထိုးသွင်းခြင်း၊ အနားသတ်ခြင်း စသည့်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ( ပုဂံဌာနခွဲ) ထံမှ သိရသည်။

“ပုဂံမှာ ကုန်းဘောင်ခေတ်လက်ရာတွေလည်း ရှိနေပါတယ်။ အာနန္ဒာဘုရား မြောက်ဘက်က အာနန္ဒာအုတ်ကျောင်း ဆိုရင်လည်း ကုန်းဘောင်ခေတ်ကပဲ။ စူဠာမဏိဘုရားမှာလည်းရှိတယ်။ ကုန်းဘောင်ခေတ်မှာလည်း ဒီအတိုင်းကြီး ပစ်မထားဘူး။ လာပြီးတော့ ပြင်တာတွေရှိတယ်”ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ရှင်းပြသည်။

ဘုရားအမှတ် (၆၂)ပိဋကတ်တိုက် သည် ညောင်ဦးမြို့နယ်၊ ရွှေစည်းခုံဘုရား ၏ အနောက်တောင်ဘက် ကျန်စစ်သား ဥမင်၏ မြောက်ဘက်တွင် တည်ရှိပြီး ကုန်းဘောင်ခေတ်တွင်တည်ထားသည့် အဆောက်အအုံဖြစ်ကြောင်း၊ အောက်ခြေလေး ထောင့်ခံ ပန္နက်ပေါ်တွင် လှေကားသုံးစင်းဖြင့် တည်ထားသည့် တစ်ထပ်ဂူပုံသဏ္ဌာန် ပိဋကတ်တိုက်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ( ပုဂံဌာနခွဲ) ထံမှ သိရသည်။

ပုဂံရှေးဟောင်းနယ်မြေတွင် ကောက်ယူထားသည့် စာရင်းများအရ သာသနိက အဆောက်အအုံပေါင်း ၃၁၀၀ ကျော်ရှိနေပြီး ယင်းသာသနိက အဆောက်အအုံများတွင် နံရံဆေးရေးပန်းချီရှိသည့် သာသနိကအဆောက်အအုံပေါင်း ၄၀၀ ကျော် ရှိနေသည်။

M-05


  • VIA