News

POST TYPE

MANDALAY

ပုဂံကျန်စစ်သားမင်း နန်းတော်ရာအောက်မှ တိုင်ကျင်းရာနှင့် အုတ်ရိုးတန်းဟုယူဆရသည့်အရာများကို တွေ့ရှိ
21-Jun-2019

မန္တလေး၊ ဇွန် ၂၀

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ကျန်စစ်သားမင်းနန်းတော်ရာနေရာနှင့် အုတ်ကျောင်းအမှတ် ၅၇၅ ၏ မြေအောက်တွင် တိုင်ကျင်းရာနှင့် အုတ်ရိုးတန်းဟု ယူဆရသည့်အရာများကို တွေ့ရှိခဲ့ရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ စုံစမ်းသိရှိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ပူးပေါင်းအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် Korea Cultural Heritage Foundation (KCHF) ပညာရှင်များနှင့် ပူးပေါင်း၍ Ground Penetrating Radar (GPR) စက်အသုံးပြု၍ မြေအောက်တွင် ရှိနိုင်မည့် သမိုင်းအထောက်အထားများကို သိပ္ပံနည်းကျ ရှာဖွေသုတေသနပြုလုပ်ငန်းများ ပြုလုပ်ခဲ့ရာမှတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“ဒါတွေကိုပြန်ပြီးတော့စိစစ်မှုတွေ လုပ်ရဦးမှာဖြစ်ပါတယ်။ အခုကတော့ မိုးကုန်ပြီဆိုရင်တော့ လိုအပ်တဲ့နေရာတွေမှာ ထပ်ပြီးတော့ တူးဖော်မှုတွေလုပ်ရဦးမှာဖြစ်ပါတယ်။ အသေးစိတ်ပြန်စိစစ်တာ တွေလုပ်ရမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါသုတေသနကို ကျန်စစ်သား မင်းနန်းတော်ရာအတွင်းရှိ မတူးဖော်ရသေးသောနေရာနှင့် သမ္ဘူလဘုရား အနောက်ဘက်ရှိ အုတ်ကျောင်းအမှတ် ၅၇၅ ရှိရာ တံတိုင်းဝင်းအတွင်း၌ ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇွန်လ ၁၈ ရက်နေ့တွင် ၎င်းနှင့် သက်ဆိုင်သည့် Software အသုံးပြု၍ ပဏာမဆန်းစစ်အဖြေရှာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြေလွှာအလိုက် တည်ရှိနေသော တိုင်ကျင်းရာနှင့် အုတ်ရိုးတန်းဟု ယူဆရသောသမိုင်းဆိုင်ရာ အထောက်အထားများကို တွေ့ရှိခဲ့ရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) နှင့် ကိုရီးယားသမ္မတနိုင်ငံ (KCHF) အဖွဲ့သည် ပုဂံဒေသ၊ မင်းနန်သူကျေးရွာရှိ ဘုရားသုံးဆူ ဘုရားအမှတ် (၄၇၇၊ ၄၇၈၊ ၄၇၉)တို့တွင် Conservation Project for Mural Painting in Bagan, Myanmar အစီအစဉ်အရ နံရံပန်းချီပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပြုလုပ်လျက်ရှိသည်။

M-05