News

POST TYPE

MANDALAY

သရက်သီးဈေးကွက် ယခင်နှစ်ထက် အကျိုးအမြတ်ကောင်းဟုဆို
16-Jun-2019

မန္တလေး၊ ဇွန် ၁၆

တရုတ်နယ်စပ်တင်ပို့သည့် သရက်သီးဈေးကွက်မှာ အရောင်းအဝယ် ကောင်းသဖြင့် သရက်ကုန်သည်များ ယမန်နှစ်ကထက် အကျိုးအမြတ် ဖြစ်ထွန်းကြောင်း စဉ့်ကိုင်မြို့နယ်အတွင်းရှိ သရက်ပွဲစားများထံမှ သိရသည်။

“ဒီနှစ်က ရာသီဥတု မကောင်းတဲ့အတွက် သရက်သီးထွက်နှုန်း နည်းပါးတယ်။ တရုတ်ကလည်း ဒီနှစ်ပိုပြီး အဆွဲများတော့ သရက်သမားတွေပိုပြီး အလုပ်ဖြစ်တယ်။ ဒီလကုန်လောက်အထိတော့ ပို့နေရဦးမယ်”ဟု စဉ့်ကိုင်မြို့နယ်၊ သပြေရိုးကျေးရွာမှ သရက်စိုက်တောင်သူ ဦးသန်းလွင်က ပြောဆိုသည်။

သရက်သီးခူးဆွတ်ချိန်ဖြစ်သဖြင့် ဒေသခံအလုပ်သမားများမှာ တစ်နေ့လျှင် လုပ်အားခ ၄၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရရှိကြောင်း စဉ့်ကိုင်မြို့နယ် သပြေရိုး ဒေသခံများထံမှ သိရသည်။

နိုင်ငံတကာဈေးကွက်တွင် ဈေးကွက် အခိုင်အမာရလိုပါက သရက်ခြံသမားများဘက်က အရည်အသွေးကို ဂရုစိုက်သင့်သကဲ့သို့ အစိုးရကလည်း စိုက်ပျိုးရေးနည်း အပါအဝင် လိုအပ်သည်များကို ဖြည့်ဆည်းပေးသင့်ကြောင်း စဉ့်ကိုင်မြို့နေ သပြေရိုးကျေးရွာမှ လုပ်သက်ရင့် သရက်ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

မြန်မာဘက်က ကုန်စည်များသည် တရုတ်ဝယ်လက်များ၏ ဈေးကစားမှုအပေါ်တွင် မှီခိုနေရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် မိမိတို့နိုင်ငံမှ ကုန်စည်များ ဈေးကွက်ခိုင်မာမှုရရှိရန် ဖော်ဆောင်ပေးသင့်ကြောင်း စဉ့်ကိုင်မြို့နယ် ဆီဆုံကျေးရွာမှ သရက်တောင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

တရုတ်နယ်စပ် မူဆယ်ဈေးကွက်တွင် ဇွန်လ ၁၆ ရက်နေ့အတွက် စိန်တလုံး အိတ်သီး ၁၆ ကီလို ရှယ်တစ်ခြင်း ၁၁၀ ယွမ်မှ ၁၃၀ ယွမ်၊ အလယ်အလတ်တစ်ခြင်း ၉၀ ယွမ်မှ ၁၁၀ ယွမ်၊ အိတ်လွတ်တစ်ခြင်း ၆၅ ယွမ်မှ ၇၅ ယွမ်၊ အသေးတစ်ခြင်း ၆၀ ယွမ်မှ ၈၀ ယွမ်၊ ရွှေဟင်္သာအိတ်စွပ်အကြီး တစ်ခြင်း (ရှယ်) ၁၂၀ ယွမ်မှ ၁၅၅ ယွမ်၊ အလယ်-အလတ် ၉၀ ယွမ်မှ ၁၁၀ ယွမ်၊ အသေး ၆၀ ယွမ်မှ ၈၀ ယွမ်၊ အိတ်အလွတ် ၄၀ ယွမ်မှ ၅၀ ယွမ်၊ ရင်ကွဲအိတ်စွပ် ၅၅ ယွမ်မှ ၆၅ ယွမ်၊ အိတ်အလွတ် ၃၀ ယွမ်မှ ၄၅ ယွမ်၊ ပတ္တမြားငမောက် ၅၀ ယွမ်မှ ၆၅ ယွမ်၊ ရွှေဖလား ၄၀ ယွမ်မှ ၅၅ ယွမ်နှင့် မချစ်စုတစ်ခြင်း ၃၀ ယွမ်မှ ၄၀ ယွမ် ပေါက်ဈေးရှိသည်။

M-01