News

POST TYPE

MANDALAY

ရေမြောင်းကိုကျော်လွန်ပြီး ကျူးကျော်ဆောက်လုပ်ထားသည့် လှိုင်သာယာမှ ဆိုင်ခန်းများနှင့် နေအိမ်များကို ဖယ်ရှားရှင်းလင်း
23-May-2019
ရန်ကုန်၊ မေ ၂၂

လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် မိုးရာသီကာလ၌ ရေစီး ရေလာကောင်းမွန်ရန်အတွက် ရေမြောင်းများဖော်ရာတွင် ယင်းရေမြောင်းကိုကျော်လွန်ပြီး ကျူးကျော်ဆောက်လုပ်ထားသည့် ဆိုင်ခန်းများနှင့် နေအိမ်များကို ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောကြားသည်။

အဆိုပါ လှိုင်သာယာမြို့နယ်ရှိ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်များရှိ ရေမြောင်းများကို ယခုရက်ပိုင်းအတွင်း စတင်ရှင်းလင်းနေပြီး ယင်းရပ်ကွက်အတွင်းရှိ ဆိုင်များနှင့် နေအိမ်အချို့မှာ ရေနုတ်မြောင်းကိုကျော်၍ ပေ ၃၀ အထိ ကျူးကျော်ဆောက်လုပ်ထားကြောင်း ၎င်းကဆိုသည်။

“သူတို့အကျိုးစီးပွားကို ပျက်စီးဖို့ တမင်သက်သက် ဖျက်တာမဟုတ်ပါဘူး။ ရေစီးရေလာကောင်းဖို့အတွက် ဆောင်ရွက်ရမှာမို့ ရေမြောင်းရှင်းလင်းရာမှာ မလွတ်တဲ့ဟာတွေကို ဖယ်ရှားရှင်းလင်း ဆောင်ရွက်ရတာပါ။ မြောင်းတွေအပေါ်မှာ ကျူးကျော်တဲ့ ပြဿနာတွေကို မဖယ်ရှင်းဘူးဆိုရင် မိုးတွင်းကာလမှာ ဒုက္ခရောက်မယ်။ ဘယ်လိုမှအဆင်မပြေလို့ အခုလို မလွတ်တဲ့ဆိုင်ခန်းနဲ့ အဆောက်အအုံတွေကို ဖယ်ရှားရတာပါ”ဟု ဦးမြတ်မင်းသူက ဆိုသည်။

လှိုင်သာယာမြို့နယ်ရေစီးရေလာကောင်းမွန်ရန်အတွက် ချောင်း ၁၁ ချောင်း၊ မြောင်းမကြီးများနှင့် ရပ်ကွက်အတွင်းများရှိ ရေနုတ်မြောင်းများကို ဖော်ဆောင်ရန် လိုအပ်လျက်ရှိပြီး ယခု လက်ရှိ ရပ်ကွက်အများစုရှိ ရေနုတ်မြောင်းများမှာ ပျောက်ဆုံးလျက်ရှိသောကြောင့် ဖော်ဆောင်ရန်လိုအပ်လျက်ရှိကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

လှိုင်သာယာမြို့နယ်တွင် ရေစီး ရေလာ ကောင်းမွန်စေရန်အတွက် ရေမြောင်းများတွင် ပိတ်ဆို့သည်များကို ဖယ်ရှားရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ ရပ်ဖများပါဝင်သည့် ပူးပေါင်းအဖွဲ့များနှင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာမြို့နယ်သည် လူဦးရေအများဆုံး နေထိုင်လျက်ရှိပြီး ရပ်ကွက်ပေါင်း ၂၀ နှင့် ကျေးရွာ ၉ ရွာရှိကြောင်းသိရသည်။

J-10