News

POST TYPE

MANDALAY

ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေး ဆန္ဒထုတ်ဖော်ပွဲကို ခွင့်မပြုမှုအပေါ် ရှင်းလင်း
22-May-2019

မန္တလေး၊ မေ ၂၁

ကျောက်ဆည်မြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပါပုဒ်မ ၅၉ (စ) ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ပုဒ်မ ၂၆၁ အား ဥပဒေနှင့်အညီ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာက ခွင့်မပြုသည့်ကိစ္စနှင့် ပတ်သက်၍ မန္တလေးမြို့ မီဒီယာစင်တာတွင် မေလ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အမျိုးသားရေးအဖွဲ့၏ ဆန္ဒထုတ်ဖော်ပွဲကို မေလ ၁၆ ရက်နေ့တွင် အင်အား ၁၅၀၀ ဖြင့် ကျောက်ဆည်မြို့၌ ပြုလုပ်ရန် မေလ ၁၃ ရက်နေ့က စာတင်ခဲ့ပြီး မေလ ၁၅ ရက်နေ့တွင် ဒေသန္တရအမိန့်အရ ကိုက်ညီမှု မရှိသောကြောင့် ခွင့်ပြုချက်မရရှိကြောင်းနှင့် ခွင့်ပြုမိန့်ရရှိရေးအတွက် စာဆက်လက်တင်ပြရန် ပြောကြားခဲ့ကြောင်း ဦးဆောင်သူ ဦးအောင်ထိုက်က ပြောကြားသည်။

“ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခွင့်ရဖို့ ဥပဒေနဲ့အညီ ဆက်လက်တင်ပြသွားမယ်။ အစိုးရဆိုတာ ခွင့်ပြုမယ်ဆိုရင် အားလုံးကို ခွင့်ပြုသင့်တယ်။ ဥပဒေနဲ့ညီရင် ခွင့်ပြုစေချင်တယ်”ဟု ၎င်းကဆိုသည်။

၅၉( စ)ကိုပြင်ဆင်ရန် မလိုလားခြင်းနှင့်ပတ်သက်၍ တိုင်းပြည် အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက်ဖြစ်ပြီး ၂၆၁ နှင့်ပတ်သက်၍ ယင်းပုဒ်မသည် ဖက်ဒရယ်ကို ပီပီပြင်ပြင် သွားနိုင်လိမ့်မည်ဖြစ်သောကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဝန်းရံသူ ဦးတင်မင်းမြတ်ဦးက ပြောကြားသည်။

ရွှေ့ပြောင်းပြုလုပ်မည့် ဆန္ဒထုတ် ဖော်ပွဲပြုလုပ်မည့်ရက်ကို မသတ်မှတ်ရ သေးကြောင်းနှင့် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဆောင်ပါဝင်ဟောပြောမည့် ဟန်မြင့်မိုရ် ရေဦးကျောင်းဆရာတော် ဦးပဏ္ဍိတက မိန့်ကြားသည်။

“အာဏာရပါတီကို တိုက်တာ မဟုတ်ပါဘူး။ ၅၉ (စ) ဆိုတာ ဘုရားဟောဒေသနာနဲ့ညီတဲ့အတွက် ဟောပြောချင်တာပါ။ ဟောပြောတဲ့အခါ စည်းလွတ် ဘောင်လွတ် ဟောပြောမှာ မဟုတ်ပါဘူး”ဟု ဆရာတော်က မိန့်ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မ ၅၉ သည် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏အရည်အချင်းများဖြစ်ပြီး ၅၉ (စ) ၌ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ဦးဦး၊ ဇနီး (သို့မဟုတ်) ခင်ပွန်း၊ တရားဝင် သားသမီးတစ်ဦးဦးနှင့် ထိုတရားဝင် သားသမီး၏ဇနီး (သို့မဟုတ်) ခင်ပွန်းသည် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ လက်အောက်ခံဖြစ်သူ၊ တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ဖော်ပြထားသည်။

ထို့ပြင် ပုဒ်မ ၂၆၁ သည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း သက်ဆိုင်သောပုဒ်မဖြစ်ကြောင်း အခြေခံဥပဒေတွင် ဖော်ပြထားသည်။

M-08