News

POST TYPE

MANDALAY

အောင်သပြေရွာမှ ရာအိမ်မှူးနှင့် အမျိုးသားနှစ်ဦးကို ညှိနှိုင်းမည်ဟု ခေါ်ယူကာဖမ်းဆီး
16-May-2019

(အောင်သပြေကျေးရွာမှ ရာအိမ်မှူးနှင့် အမျိုးသားနှစ်ဦးကို မြို့နယ် ရဲတပ်ဖွဲ့က တွေ့ဆုံညှိနှိုင်းရန်ဟုပြောဆို ခေါ်ယူပြီး ဖမ်းဆီးခဲ့ကာ အောင်သပြေရွာအဝင်တွင် ရဲတပ်ရင်းမှ အင်အား တစ်ရာခန့်က လုံခြုံရေး ရယူထားသည်။)

မန္တလေး၊ မေ ၁၆

ဘိလပ်မြေစက်ရုံပိတ်သိမ်းရေး လမ်းပိတ်ဆို့ပြီး ဆန္ဒပြတောင်းဆိုရာတွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် အောင်သပြေကျေးရွာမှ ရာအိမ်မှူးနှင့် အမျိုးသားနှစ်ဦးကို ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့က တွေ့ဆုံညှိနှိုင်းလိုသည်ဟု အကြောင်းကြားခဲ့သည့်အတွက် သွားရောက်စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုထံမှ သိရသည်။

“ပုသိမ်ကြီးရဲတွေက ညိနှိုင်းချင်တယ်ဆိုပြီး မနေ့ည (မေ ၁၅)က ဖုန်းခေါ်လာလို့ သူတို့က မနက်ကျတော့ သွားကြတာ။ နေ့လယ် ၂ နာရီလောက်ကျတော့ ကနေ့ (မေ ၁၆) ဖုန်းဆက်လာတယ်။ မိန်းမရေ ငါတော့ ဖမ်းခံရပြီးဆိုပြီး ဆက်လာတာ”ဟု ရာအိမ်မှူး ဦးမိုးလင်း၏ဇနီးဖြစ်သူ ဒေါ်ရင်ရင်ထွေးက ပြောဆိုသည်။

ဦးမိုးလင်းအနေဖြင့် ကျေးရွာဒေသခံများနှင့် ကုမ္ပဏီတို့ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့ခြင်းမရှိသကဲ့သို့၊ မီးရှို့ရာတွင်လည်း ပါဝင်ခြင်းမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းပြောကြားချက်နှင့်ပတ်သက်ပြီး ပုသိမ်ကြီးမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးထားသည်မှာမှန်ကန်ကြောင်း တာဝန်ကျရဲအရာရှိက အတည်ပြုပြောကြားသည်။

“အမျိုးသားသုံးယောက်ကို ဒီနေ့ မနက်မှာ ဖမ်းဆီးထားတာမှန်ပါတယ်။ အခုတော့ အိုးဘိုထောင်ကိုပို့ပြီး ချုပ်ထားပါတယ်”ဟု အဆိုပါရဲအရာရှိက ဆိုသည်။

အောင်သပြေကျေးရွာသားများသည် ကျေးရွာအနီး၌ လာရောက်အကောင်အထည်ဖော်နေသည့် မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေကြခြင်းဖြစ်သည်။


မေလ ၁၃ ရက်နေ့က စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကိုပိတ်ဆို့တားဆီးခဲ့ကြရာမှ မေလ ၁၄ ရက်နေ့ နံနက်တွင် ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ကုမ္ပဏီဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ရာ ယာဉ်များမှ မှန်များလည်း ပျက်စီးခဲ့သည်။

ယင်းနေ့မှာပင် ရွာသားအမျိုးသားနှစ်ဦးနှင့် ယင်းဖြစ်စဉ်ကို သတင်းရယူနေသည့် သတင်းထောက်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောင်သပြေကျေးရွာဒေသခံအမျိုးသမီး၊ အမျိုးသားကိုးဦးခန့်ကို အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

M-04