News

POST TYPE

MANDALAY

မြန်မာကုန်တင်ယာဉ်များကို တရုတ်နိုင်ငံထဲသို့ ဝင်ထွက်သွားလာခွင့်ပြု
13-May-2019

ရန်ကုန်၊ မေ ၁၂

ရွှေလီ-ဝမ်တင်ဂိတ်ပေါက်မှ တရုတ်ပြည်ဘက်သို့ ဝင်ရောက်လာသည့် ကုန်တင်ကားများအနေနှင့် လိုအပ်ချက်အပေါ် မူတည်၍ တရုတ်ပြည်လမ်းမကြီးများကို အသုံးပြုကာ ရွှေလီ/ကျယ်ဂေါင်ဂိတ်ပေါက်မှ မြန်မာပြည်ဘက်သို့ ရွှေလီအစိုးရက ပြန်လည် ထွက်ခွာခွင့်ပြုလိုက်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် တာဝန်ခံ ဒေါ်ကြည်ကြည်ခိုင်က ပြောကြားသည်။

မြန်မာကုန်တင်ယာဉ်များသည် တရုတ်ပြည်ဘက်က သတ်မှတ်ထားသည့် ယာဉ်ဖြတ်သန်းခွင့်ပြုချက်ကို သက်ဆိုင်ရာဌာနများထံ လျှောက်ထားတောင်းခံရမည်ဖြစ်ပြီး သတ်မှတ် အခွန်အခများကို လျှောက်ထားသူက ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းကုန်စည်ဒိုင်ထံမှ သိရသည်။

“ဝမ်တင်ကနေဝင် အသီးကွင်းထဲမှာ အသီးချပြီး ကျယ်ဂေါင်တို့ ရွှေလီတို့မှာ ကုန်တင်ဖို့ရှိရင် တရုတ်ပြည်ထဲကနေ ပေး မပတ်ဘူး။ ပြန်ထွက်ပြီးမှ မူဆယ်ကနေ ပြန်ဝင်ရတာ။ အခု အသီးကားတွေချပြီး ကုန်တင်စရာရှိရင် တရုတ်ပြည်ထဲကနေ ပတ်သွားလို့ရပြီဆိုပြီး ခွင့်ပြုပေးလိုက်တာ”ဟု ဒေါ်ကြည်ကြည်ခိုင်က ဆိုသည်။

ယခင်က မြန်မာကုန်တင်ယာဉ်များကို တရုတ်ပြည်ထဲသို့ ဝင်ထွက်သွားလာခွင့် မပြုသည့်အတွက် ရွှေလီနှင့် ကျယ်ဂေါင်တွင် ကုန်တင်မည့်ကားများသည် မူဆယ် ၁၀၅ မိုင်အပေါက်မှ ပြန်ဝင်ရန် ယာဉ်ကြော ပိတ်ဆို့သည့်အတွက် တစ်ပတ်ခန့် စောင့်ဆိုင်းရကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ထံမှ သိရသည်။

“သူတို့ဘက်ကတော့ တရားဝင် ခွင့်ပြုပြီးပြီ။ ယာဉ်တွေကတော့ စမသွားသေးဘူး။ ဒီရက်ပိုင်းအတွင်း စသွားမှာပါ။ ဒီဘက်က ဝင်ခွင့်ကတ်တွေ ပြင်ဆင်ရဦးမယ်”ဟု ခွာညိုသစ်သီးပွဲရုံကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခင်နောင်က ပြောကြားသည်။

မြန်မာကုန်တင်ယာဉ်များ စတင်သွားလာနိုင်ရန် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက မေလ ၁၂ ရက်နေ့တွင် လမ်းကြောင်းများကို လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်ထံမှ သိရသည်။

မြန်မာကုန်တင်ယာဉ်များကို ဝင်ထွက်သွားလာခွင့်ပြုလိုက်သည့်အတွက် ရွှေလီ-ဝမ်တင် ဝင်ထွက်ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့နိုင်မည်ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှုကို လျင်မြန်စေမည်ဖြစ်ကြောင်း သစ်သီးကုန်သည်များက သုံးသပ်ပြောကြားသည်။

J-11