News

POST TYPE

MANDALAY

မန္တလေးမြို့ ၃၈ လမ်းသစ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်ဖွင့်မည်
13-May-2019

မန္တလေး၊ မေ ၁၂ 

မန္တလေးမြို့  ၇၃ လမ်းနှင့် ၇၈ လမ်းကို ဖြတ်သန်းဖောက်လုပ်ထားသည့် ၃၈ လမ်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“အတိုင်ပင်ခံမွေးနေ့ကို အမှတ်တရအနေနဲ့ လမ်းဖွင့်လှစ်ဖို့ ကော်မတီက ရွေးချယ်ခဲ့တာပါ။ မန္တလေးမြို့မှာ မိန်း (အဓိက) လမ်းမကြီးတစ်ခု ဖြစ်လာမှာပါ။ သွားရေးလာရေး အဆင်ပြေသွားမယ်။ ယာဉ်ကြောကျပ်မှုကိုလည်း လျှော့ချနိုင်မှာပါ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။ 

၃၈ လမ်းကို ဖောက်လုပ်ရာ၌ တည်ဆောက်ချိန်ကြာမြင့်ခဲ့ရပြီး ယင်းမှာ နိုင်ငံတကာ အဆင့်မီ စံပြလမ်းတစ်လမ်း ဖြစ်လာစေရန် အကောင်းဆုံး တည်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ယခုအခါ ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး လမ်းနှင့် လမ်းဘေးမီးတိုင်များ၊ မြောင်းများ ဖော်ဆောင်ပြီးဖြစ်ကာ လမ်းဘေးဧရိယာ၌ သစ်ပင်များစိုက်ရန်သာလိုတော့ကြောင်း ၎င်းက ပြောကြားသည်။

၇၈ လမ်းမှ ၇၃ လမ်း (မန္တလေး တက္ကသိုလ် အဝင်လမ်း) အထိ အသစ်ဖောက်လုပ်ထားသော ၃၈ လမ်းသည် ပေ ၂၆၀ဝ ရှည်လျားပြီး လမ်းအကျယ် ပေ ၆၀ နှင့် ပလက်ဖောင်းအကျယ် ၆ ပေရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“၃၈ လမ်း ပြီးသွားရင် မိန်းတက္ကသိုလ်အထိ တစ်ဆက်တည်းဖြစ်သွားတော့ သွားရေးလာရေး လွယ်ကူ အဆင်ပြေသွားတာပေါ့။ အရင်ကလို ကွေ့ပတ်သွားစရာ မလိုတော့တာပေါ့”ဟု မန္တလေးမြို့ဒေသခံ ကိုဇော်ဦးက မှတ်ချက်ပေးသည်။

တပ်မတော်တပ်ရင်းတစ်ခု ဧရိယာအတွင်း အသစ်ဖောက်နေသော ၃၈ လမ်းသည် ဒေါက်တာရဲလွင် ဦးဆောင်သော မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီလက်ထက်တွင် ပထမဆုံးလမ်းသစ်ဖြစ်သည်။

မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ၃၈ လမ်းသည် ယခင်က တပ်မတော်နယ်မြေခံ တပ်ရင်းတစ်ခု၏ အုတ်တံတိုင်းခတ်ဧရိယာတွင် ပါဝင်နေသောကြောင့် ၇၈ လမ်းမှ ၇၃ လမ်းအထိ တစ်ဆက်တည်းသွားလာ၍ မရသော လမ်းပိတ်တစ်လမ်းဖြစ်ခဲ့ပြီး နယ်မြေခံတပ်ရင်း၏ မြေဧရိယာ တစ်စိတ်တစ်ပိုင်းကို အသုံးပြုနိုင်ရန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က တပ်မတော်၏ခွင့်ပြုချက်ရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

M-08