News

POST TYPE

MANDALAY

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို မကြောက်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြော
12-May-2019


မန္တလေး၊ မေ ၁၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ဒုတိယမြောက် ကော်မရှင်ရုံးခွဲကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်ရှိ မြို့ဟောင်းဈေး တောင်ဘက် ဗာဂျီးနီးယားစက်ရုံဝင်း အတွင်း၌ မေလ ၁၁ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ မန္တလေးရုံးခွဲဖွင့်လှစ်နိုင်ခြင်းကို ဝမ်းမြောက်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသွင်ကူးပြောင်းရေး ကာလ၌ အဂတိတိုက်ဖျက်ရေးလုပ်ငန်းသည် အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေနှင့် ကော်မရှင်ကို ကြောက်လန့်ကြပြီး သန့်သန့်ရှင်းရှင်းနေထိုင်ပါက ကြောက်စရာမလိုကြောင်း ယင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယင်းရုံးဖွင့်ပွဲတွင် ပြောကြားသည်။

“ဩဇာအာဏာကို တလွဲအသုံး မပြုဖို့နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ လုပ်ပိုင်ခွင့်ကို ဘောင်မကျော်ဖို့ လိုပါတယ်။ ဌာနဆိုင်ရာအတော်များများက ကော်မရှင်ကို ကြောက်ကြပါတယ်။ ကိုယ့်ဘက်က သန့်ရှင်းနေရင် ကြောက်စရာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

ယင်းကော်မရှင်ထံသို့ မန္တလေးတိုင်းအတွင်းမှ တိုင်ကြားစာ ၁၆၇၇ စောင်ရောက်ရှိခဲ့ပြီး တိုင်းအစိုးရအဖွဲ့သို့ ပြန်လည်ပေးပို့ခဲ့သည့် ပြန်ကြားစာ ၁၆၈ စောင်ရှိကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ယင်းရုံးခွဲကို ဗဟိုပြု၍ မန္တလေးတိုင်းနှင့်ဆက်စပ်နေသော တိုင်းနှင့် ပြည်နယ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်မည်ဖြစ်ပြီး အစိုးရလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံလူထုကို ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံ ဆွေးနွေးခွင့်များ ရရှိလာမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယင်းအခမ်းအနားတွင် ပြောကြားသည်။

“ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို အထိုက်အလျောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးနှင့်တကွ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့များက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒပြင်းပြမှုနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နိုးကြားမှုရေချိန် မြင့်မားလာမှုတို့ကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်”ဟု ၎င်းက ဆိုသည်။

ယခုရုံးဖွင့်လှစ်နိုင်ခြင်းကြောင့် ကော်မရှင်၏ အဓိကရည်ရွယ်ချက်များ ဖြစ်သည့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့ အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေး အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရန် အကာအကွယ်ပေးရေး ဟူသော အချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် များစွာအထောက်အပံ့ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ နေပြည်တော်၌ ရုံးချုပ်အဖြစ်ဖွင့်လှစ်ထားကာ ပထမဆုံးရုံးခွဲကို ရန်ကုန်မြို့၌ ဖွင့်လှစ်ထားကာ ယခုမန္တလေးရုံးခွဲမှာ ဒုတိယမြောက်ဖြစ်သည်။  

M-08


  • VIA