News

POST TYPE

MANDALAY

ဆေးခြောက်ပင်စိုက်ပျိုးသည်ဟုဆိုကာ ဖမ်းထားသူများကို ဆက်ချုပ်ထားခွင့်ပြု
08-May-2019


မန္တလေး၊ မေ ၇

ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန် စိုက်ခင်းဧရိယာအတွင်း ဆေးခြောက်ပင်များ စိုက်ပျိုးသည်ဟုဆိုကာ အဖမ်းခံထားရသူများကို မေလ ၇ ရက်နေ့က ဒုတိယအကြိမ် ချုပ်ရက်ရမန်တောင်းခဲ့ခြင်းကို ငါန်းဇွန်မြို့နယ်တရားရုံးက ခွင့်ပြုလိုက်သည်။

“ဒီနေ့ကတော့ ဒုတိယအကြိမ် ချုပ်ရက်တောင်းတဲ့အတွက် တရားရုံးက ခွင့်ပြုလိုက်ပါတယ်။ ၂၁ ရက်နေ့အထိ ခွင့်ပြုထားတာ။ အဲဒါပြီးရင်တော့ မြင်းခြံခရိုင် တရားရုံးမှာ အမှုကို တရားစွဲဆိုမှာပါ။ ဒီစိုက်ခင်းက စတင်စိုက်ပျိုးစဉ်ကတည်းက တရားဝင်တင်ပြပြီး စမ်းသပ်စိုက်ပျိုးနေတာဖြစ်တယ်။ နောက်တစ်ခုက ဒီအပင်တွေမှာ ဆေးခြောက်အာနိသင် ဘယ်လောက်ပါတယ်ဆိုတာ အတိအကျမသိဘဲနဲ့ ခုလိုဖမ်းဆီးထားတာက စွပ်စွဲခံရသူတွေအတွက်တော့ နစ်နာပါတယ်။ ၂၁ ရက်နေ့ မတိုင်ခင်မှာ စမ်းသပ်မှုအဖြေတွေရရင်တော့ အမှုက စွဲသင့်မစွဲသင့် ပေါ်ပေါက်မှာပါ။ ဒီအပင်တွေက နိုင်ငံတကာမှာ တရားဝင်စိုက်ပျိုးနေကြတဲ့ ထုတ်ကုန်အများကြီး ထုတ်လို့ရတဲ့ အပင်တွေပါ” ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတော်ဝင် ဦးခင်မောင်သန်းက ပြောကြားသည်။

ချဉ်ပေါင်လျှော်နွယ်ဝင်ဟုဆိုသည့် စိုက်ခင်းနေရာကို ဧပြီလ ၂၂ ရက်နေ့က မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦး ဦးစီးသည့်အဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)၊ ဓာတုဗေဒ ဝန်ရုံးခွဲ (မန္တလေး)၊ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟု ယူဆရသော စိုက်ခင်း ၆၀ ဧကခန့်၊ စိုက်ခင်းအတွင်းရှိ ပင်မအဆောက်အအုံအတွင်း ဆေးခြောက်ဟုယူဆရသည့် အစေ့၊ အဆီ၊ အစေး၊ Formic Acid ဟုယူဆရသည့် အရည်၊ အက်သနောဟု ယူဆရသည့်အရည်၊ အယ်လ်ကိုဟောဟု ယူဆရသည့်အရည်၊ Bio Maxs ဟု ယူဆရသည့် အစိမ်းအရည်၊ Acetone ဟု ယူဆရသည့် အရည်၊ Acetonitrile ဟု ယူရသည့်အရည်၊ Concort Water၊ Methonal ဟုယူဆရသည့် အရည်၊ အမိုနီယံဖော့ စဖိတ်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။


ထို့ပြင် ၎င်းတို့အသုံးပြုနေသည့် ဓာတ်ခွဲခန်းနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများမှာလည်း တရားဝင် မှတ်ပုံမတင်ဘဲ အသုံးပြုနေသည့်အတွက် ယခုကဲ့သို့ အမှုဖွင့် ထားရခြင်းဖြစ်ကြောင်း မန္တလေး မူးယစ်ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားထားသည်။

လတ်တလော စိုက်ခင်းတာဝန်ခံ ဦးရှိုင်းလတ်နှင့် ဓာတ်ခွဲခန်းလက်ထောက် အကူ မရွှန်းလဲ့မြတ်နိုး၊ အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့ကို မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၆ (က)/၁၉(က)/၂၀(က)/၂၁ တို့အရ ငါန်းဇွန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး Mr. Alexander Skemp Todoroki ကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အဆိုပါ Hemp စိုက်ခင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတရားဝင် တင်ပြပြီး စမ်းသပ်စိုက်ခင်းအဖြစ် တစ်နှစ်ခွင့်ပြုထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် သုံးကြိမ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဖမ်းဆီးခံရသည့်အချိန်သည် တစ်နှစ်ပြည့်ရန် လအနည်းငယ်သာလိုတော့ပြီး နောက်ဆုံး ရာသီပတ်အဖြစ် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့သာစက်မှုဇုန် တာဝန်ရှိသူများထံမှ သိရသည်။

ယင်းအမှုတွင်ပါဝင်စွပ်စွဲခံထားရသည့် မရွှန်းလဲ့မြတ်နိုးကို ဓာတ်ခွဲခန်း တာဝန်ခံအဖြစ် ရဲတပ်ဖွဲ့က စွပ်စွဲထားသော်လည်း ၎င်းမှာ စိုက်ခင်းကုမ္ပဏီက အမြဲတမ်းဝန်ထမ်းအဖြစ်ပင် ခန့်အပ်ခြင်းမပြုရသေးဘဲ အစမ်းခန့်အဖြစ် ခန့်အပ် ထားခြင်းဖြစ်သည့်အတွက် အမှုနှင့်သက် ဆိုင်ခြင်းမရှိကြောင်း သူမ၏ မိဘများက ပြောကြားသည်။

ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင်ပါဝင်သည့် Mr. John Fresric Todoroki ကလည်း ၎င်းအမျိုးသမီးကို တရားဝင် အလုပ်မခန့်ထားသေးသည့်အတွက် ဖမ်းဆီးထားရန်မလိုဘဲ လွှတ်ပေးရန် မြို့နယ်တရားရုံးသို့ တင်ပြခဲ့သော်လည်း လက်ရှိတွင် အမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ အမှုတည်ဆောက်နေဆဲဖြစ်ပြီး တရားရုံးတွင် စစ်ဆေးခြင်း မပြုသေးသည့်အတွက် ယင်းတင်ပြမှုကို လက်ခံလိုက်လျောပေးခွင့်မရှိကြောင်း၊ အမှုကို စတင်စွဲဆိုသည့်အခါမှသာ အမှုနှင့်ပတ်သက်မှုမရှိကြောင်း ပေါ်ပေါက်ပါက လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း ငါန်းဇွန်မြို့နယ်တရားသူကြီးက ပြောကြားသည်။

M-04