News

POST TYPE

MANDALAY

ရဲအယောင်ဆောင်၍ အရက်ဆိုင်အတွင်းဝင်ပြီး ငွေကျပ်သုံးထောင်တောင်းသူများကို ဖမ်းဆီး
05-May-2019
မန္တလေး၊ မေ ၅ 

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ မင်းကြီးကုန်းကျေးရွာ လိုင်စင်ရအရက်ဆိုင်တစ်ခုအတွင်းဝင်ကာ နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ပြောဆိုပြီး ငွေကျပ်သုံးထောင်တောင်းသူ အမျိုးသားသုံးဦးကို အယောင်ဆောင်မှုဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ မွန်းလွဲပိုင်းက အဆိုပါအရက်ဆိုင်အတွင်းသို့ သပိတ်ကျင်းမြို့တွင် နေထိုင်သူများဖြစ်သည့် ဦးမျိုးမင်းထိုက်၊ ဦးမိုးကျော်နှင့် ဦးချမ်းရှိန်းတို့ သုံးဦးဝင်ရောက်လာပြီး ၎င်းတို့သည် နေပြည်တော်မှ ရဲများဖြစ်ပြီး၊ မူးယစ်ဆေးဝါးသတင်းအရ လာရောက်စစ်ဆေးခြင်းဖြစ်ကြောင်း၊ အရက်လိုင်စင် ရှိ မရှိ သိလိုကြောင်းနှင့် ငွေကျပ်သုံးထောင်ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ငွေသုံးထောင်တောင်းခံရသူများက ရဲတပ်ဖွဲ့သို့ အကြောင်းကြားလာသည့်အတွက် သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ယင်းအရက်ဆိုင်မတိုင်မီကလည်း အမျိုးသားသုံးဦးက ကုန်စုံဆိုင်တစ်ခုတွင်လည်း ငွေကျပ်သုံးထောင် တောင်းယူခဲ့သေးကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ ပြည်သူ့ ဝန်ထမ်းအယောင်ဆောင်ကာ ငွေကျပ်သုံးထောင်တောင်းခဲ့သူများကို စဉ့်ကူးမြို့မရဲစခန်းတွင် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှု ပုဒ်မ ရာဇသတ်ကြီးဥပဒေပုဒ် ၁၇၀ အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04