News

POST TYPE

MANDALAY

မန္တလေးမြို့တည်၊ နန်းတည် နှစ် ၁၆၀ ပြည့်အခမ်းအနားကျင်းပမည်
04-May-2019
မန္တလေး၊ မေ ၄

မန္တလေးမြို့တည်၊ နန်းတည်နှစ် ၁၆၀ ပြည့် အခမ်းအနားကို မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောကြားသည်။

“၁၀ နှစ်မှာ တစ်ခါလုပ်ဖို့ ရည်မှန်းထားတယ်။ တကယ်ကြတော့ သက်ဆိုင်ရာကနေ ရာပြည့်တို့၊ နှစ် ၁၅၀ တို့လုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အနွယ်တော်တွေနဲ့ လုပ်နိုင်တာတွေက နှစ် ၅၀ မှ တစ်ခါလုပ်ရင် သိပ်ပြီးတော့ ကြာတယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြန်ပြီးတော့ ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို မန္တလေးရဲ့ မြို့တည်နန်းတည်ကို အမှတ်ရနေစေဖို့ မြို့မိမြို့ဖတွေနဲ့တိုင်ပင်ပြီးတော့ ဆက်လုပ်သွားချင်တဲ့သဘောပါ။ ဒါကအနွယ်တော်တွေနဲ့တင် ဆိုင်တာမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့တိုင်းသူပြည်သူတွေနဲ့လည်း ဆိုင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ယင်းအခမ်းအနားအတွင်း မန္တလေးနန်းတော်ကြီးတွင် သံဃာတော်များကို ဆွမ်းကပ်လှူခြင်း၊ ဆွမ်းဆန်စိမ်းလောင်လှူခြင်း၊ စာပေဟောပြောပွဲများ ထည့်သွင်းခြင်းများ ပြုလုပ်ရန်ရည်ရွယ်ထားကြောင်း၊ အသေးစိတ်အစီအစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောကြားသည်။

“ဒါက မင်မျိုးမင်းနွယ်တွေ လုပ်တာပေါ့။ ကျွန်တော်တို့ကို တွေ့ခွင့်တောင်းထားတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဘက်ကတော့ သူတို့ဘာလုပ်မလဲ ဆိုတာကိုတွေ့ပြီးတော့မှ ကျွန်တော်တို့ ဘာကူညီပေးနိုင်မလဲပြောနိုင်မှာပေါ့”ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးမြို့ကို မဟာသက္ကရာဇ် ၁၂၂၁၊ ခရစ်သက္ကရာဇ် ၁၈၅၉ တွင် မင်းတုန်မင်းကြီးမှ စတင်တည်ထောင်ခဲ့သည်။ 

M-05