News

POST TYPE

MANDALAY

လာမည့်ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း၌ ဘတ်ဂျက်ပိုသုံးရန်လျာထား
02-May-2019
မန္တလေး၊ မေ ၂

မန္တလေးတိုင်း၏ ၂၀၁၉-၂၀၂၀ ခုနှစ် ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) ကို ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကထက် ၄ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုသုံးစွဲရန် လျာထားကြောင်း ဒေသန္တရစီမံကိန်း၊ အရအသုံးငွေ စာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် အသုံးငွေစာရင်းကို ကျပ် ၃၂၂,၈၁၉ သန်းတင်ပြခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အရအသုံးငွေ စာရင်းကို ကျပ် ၃၃၇,၃၃၃ သန်းကျော် သုံးစွဲရန်တင်ပြခဲ့ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အရ အသုံးမှန်းခြေစာရင်းအတွက် မန္တလေးတိုင်း၏ ရငွေပမာဏကို ကျပ် ၂၂၁,၈၂၇ သန်းဟု ခန့်မှန်းထားပြီး ပြည်ထောင်စုမှ ထောက်ပံ့ငွေ ကျပ် ၁၁၅,၅၀၅ သန်းကျော်ရရှိရန် ခန့်မှန်းထားသည့်အတွက် ရငွေ စာရင်း၌ ကျပ်သန်း ၃၃၇,၃၃၃ ရရှိရန် လျာထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်း ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာနများနှင့် အဖွဲ့အစည်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လျာထားချက်အဆိုကို မန္တလေး တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက မေလ ၂ ရက်နေ့တွင် တိုင်းလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မန္တလေး တိုင်းအတွက် ဘတ်ဂျက်တောင်းခံမှုနှင့် ပတ်သက်၍ မေလ ၃ ရက်နေ့တွင် ကျင်းပမည့် တိုင်းလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး သတ္တမနေ့တွင် ဆွေးနွေးမည်ဖြစ်သည်။

M-08