News

POST TYPE

MANDALAY

မန္တလေးမြို့လယ်ခေါင်တွင် လူ ၃ ဦး ဓားဖြင့်လိုက်ခုတ်၊ လူအချို့ဒဏ်ရာရ
30-Apr-2019
မန္တလေး၊ ဧပြီ ၃၀

မန္တလေးမြို့လယ်ခေါင်တွင် ဧပြီလ ၂၉ ရက်နေ့ ညပိုင်းက အိမ်စီးကားတစ်စီးပေါ်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် လမ်းပေါ်တွင် သွားလာနေသူများကို ဓားဖြင့် လိုက်ခုတ်ခဲ့သည့်အတွက် လူအချို့ ဒဏ်ရာများရရှိခဲ့ကြောင်း ဓားခုတ်ခံရသူများထံမှ သိရသည်။

“ကျွန်တော်တို့က စတိုးဆိုင်တစ်ခုကနေ မုန့်စားပြီးပြန်လာတဲ့အချိန် ကားပေါ်ကနေ ဓားနဲ့ လိုက်ခုတ်နေတာ။ ဆိုက်ကယ်နဲ့ မောင်းပြေးရတယ်။ အဲဒါကို နောက်ကလိုက်လာသေးတယ်။ တော်တော်မောင်းပြေးမှ ကျန်ခဲ့တာ။ သူတို့ကိုလည်း ကျွန်တော်တို့ကတော့ မသိဘူး။ ကားထဲမှာ အမျိုးသမီးတစ်ယောက်လည်းပါတယ်”ဟု ဓားခုတ်ခံရသူတစ်ဦး၏ သူငယ်ချင်း ကိုစိုင်းအောင်က ပြောကြားသည်။

ကိုစိုင်းအောင်တို့ သူငယ်ချင်းတစ်စုသည် ၇၃ လမ်းပေါ်ရှိ စတိုးဆိုင်တစ်ခုတွင် မုန့်စားပြီး မန္တလေး တက္ကသိုလ်ဘက်သို့ ပြန်လာစဉ် အဖြူရောင်မော်တော်ကား၏ နောက်ခန်းမှ လိုက်ပါလာသူက ဓားဖြင့် လိုက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဓားဖြင့်ခုတ်သည့်အတွက် ကိုစိုင်းအောင်မောင်းနှင်သည့် ဆိုင်ကယ်နောက်ထိုင်ခုံတွင် လိုက်ပါစီးနင်းလာသူ၏ ကျော၊ လက်နှင့် ခေါင်းတို့တွင် ဓားခုတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဆေးကြောင်နေတာလို့ ယူဆရပါတယ်။ ကျွန်တော်သူငယ်ချင်းကို ဆေးရုံသွားပို့နေတုန်း တစ်နာရီလောက် ကြာတော့လည်း ဓားခုတ်ဒဏ်ရာနဲ့ လူနာဆေးရုံရောက်လာတာတွေ့တယ်။ ကျွန်တော်နည်းနည်း စပ်စုကြည့်တော့ သူတို့ကလည်း ကားအဖြူတစ်စီးပေါ်က အင်္ကျီအဝါနဲ့ လူကပဲ လိုက်ခုတ်လို့ဆိုပြီး ပြောလာတယ်။ ဆိုတော့ ဒီလူတွေက ဘာမှ မဟုတ်ဘဲကိုလိုက်ခုတ်နေကြတာ။ ဒါဆေးကြောင်တာပဲဖြစ်မှာပါ”ဟု ကိုစိုင်းအောင်က သုံးသပ်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဓားခုတ်ခံရသူများ၏ မိသားစုဝင်များက ရဲစခန်းသို့ တိုင်တန်းသွားရန် စီစဉ်နေပြီဖြစ်ကြောင်း ကာယကံရှင်များက ပြောကြားသော်လည်း အမှတ် ၈ ရဲစခန်းသို့ လာရောက်တိုင်တန်း အမှုဖွင့်ထားခြင်းမရှိသေးကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဧပြီလ ၂၆ ရက်နေ့ ည ၉ နာရီကျော်ခန့်က ချမ်းမြသာစည်မြို့နယ် ၆၄ လမ်း ဇလပ်ဝါလမ်းနှင့် ဒေလီယာလမ်းကြားရှိ NiMi အအေးဆိုင်ကို မျက်ဖုံးစွပ် လူခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများကို တိမ်းရှောင်ခိုင်းကာ ဆိုင်မှန်တံခါးကို ရိုက်ခွဲပြီး ဆိုင်ရှိ ပစ္စည်းများကို ရိုက်နှက်ဖျက်ဆီးခဲ့သည်။

M-04




  • VIA